မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။ အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။


မခြားမလပ်ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း
ကျမ်းချက်ကတော့ သက်သာလောနိတ်သြဝါဒစာပဌမစောင် ၅း၁၇-၁၈ မခြားမလပ် ဆုတောင်း ပဌနာပြုကြလော့။ အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ ဒီ၂ပိုဒ်ကို သီးသန့်စီ ပြောသွားလို့ရပေမဲ့ ဆက်စပ်မှုရှိပါတယ်။ ကျေးဇူးတော်ချီးမွမ်းဖို့ဆိုတာ မခြားမလပ်ဆုတောင်းခြင်းမှတဆင့် ရရှိခြင်းကြောင့်ဖြစ်ပါတယ်။..
မခြားမလပ် ဆုတောင်းခြင်းဆိုတာ ဘယ်လိုဆိုလိုပါသလဲ .. ဆုတောင်းခြင်း ဆိုတာနဲ့ ခေါင်းငုံ့၊ မျက်စိမှိတ်၊ ဒူးထောက်၊ လက်အုပ်ချီ .. ဆိတ်ငြိမ်နေရာ .. စသဖြင့် မြင်ယောင်မိကြမှာပါ။  ကျွန်တော်ကတော့ ညဆိုရင် အိပ်ရာက တရေးနိုးလာချိန် မှာ ဇနီးသည်က ဆုတောင်းနေတာကို မြင်တွေ့ရပါတယ်။ နေ့ရော ညပါ .. အဆက်မပြက်ဆုတောင်းခြင်းကို ဆိုလိုပါသလား.. မျက်စိမမှိတ်ပဲ ဆုတောင်းရင်၊ ထမင်းစားခါနီး .. အချိန်တိုင်းမှာပဲ ဆုတောင်းနေခြင်းလား... 
အရေးသိပ်ကြီးတဲ့ ကိစ္စတွေကျမှ ဥပမာ .. အလုပ်ရရှိရေး၊ ကျန်းမာရေးကိစ္စများ .. စသည်တို့ကျမှ ဆုတောင်းပြီး .. သိပ်အရေးမကြီးတဲ့ ဘတ်စကားစီးခြင်း၊ နေ့စဉ်လုပ်နေကျကိစ္စများ ... မှာတော့ အထူးဆုတောင်းစရာမလိုဖူး  .. လို့ဆိုရင်လဲ မဟုတ်ပြန်ဘူး။  သိပ်ခက်ခဲလာမှာ ဘုရားကယ်ပါ .. ဆုတောင်းပြီး မခက်ခဲဘူးထင်ရင် ကိုယ့်ဥာဏ်အမှီပြု .. ကိုယ့်ဖာသာပဲ ဖြေရှင်းမယ်ဆိုရင်လဲ .. ဘုရားကိုအားကိုးရာမရောက်ပြန်ဘူး...
ဒါကြောင့် ဆုတောင်းခြင်း မှာ မခြားမလပ်ဆုတောင်း ပဌနာပြုရမယ်ဆိုတာ အရာရာတိုင်းကို ဆိုလိုပါတယ်။ မိမိဥာဏ်နဲ့ သွားခြင်းမဟုတ်တော့ပဲ .. ဘုရားပြင်ဆင်ပေးတဲ့ အတိုင်းလိုက်လျှောက်ခြင်းပါပဲ..


မခြားမလပ်ဆုတောင်းခြင်း (၁)
ကျွန်တော်တို့ မြန်မာပြည်မှာ ဧ၀ံဂေလိ ရက်ရှည်ထွက်ဖို့ ဆရာဂျက်ဖရီအဖွဲ့နဲ့ အတူ ရန်ကုန်ကအတွက်မှာ တပါတ်စာခရီးအတွက် ကားဓါတ်ဆီကို နည်းအမျိုးမျိုးနဲ့ ကားပေါ်မှာ ၀ှတ်ပြီး သယ်သွားရပါတယ်။ ရန်ကုန်အထွက် ကားဂိတ်မှာ အစိုးရစစ်ဆေးရေးကို ဘယ်လိုမှ မလွတ်နိုင်ကြောင်းသိရက်နဲ့ နည်းမျိုးစုံသုံးပြီး ဓါတ်ဆီများကို သယ်ရပါတယ်။ ယုံကြည်ခြင်း စိတ်ချမှုနဲ့ပဲ .. ငါတို့အဖွဲ့ မလွယ်ဘူး၊ ခရီးစဉ်ပျက်မှာလည်း စိုးရိမ်ပေမဲ့ .. ရန်ကုန်ကထွက်၊ တဦးနဲ့ တဦးစကားလုံးဝမပြောနိုင်တော့ပဲ .. ဘုရားနဲ့ နပမ်းလုံးရင်း .. မခြားမလပ်ဆုတောင်းလိုက်ရတယ်။ ဘုရားသခင်ပဲ .. တတ်နိုင်တယ်ဆိုပြီး .. အားလုံးယုံကြည်ခြင်းနဲ့ .. ထွက်ခဲ့ကြတာ ၊ ဆရာ ဂျက်ဖရီကတော့ စစ်ဆေးရေးအဖွဲ့တွေကို နည်းမျိုးစုံနဲ့ တောင်းပန်၊ ပြောဆို (ငိုပြ) ရတာတော့ရှိတာပေါ။ နှစ်ပေါင်းများစွာ ဒီလို ဧ၀ံဂေလိခရီးစဉ်မှာ တကြိမ်မှ ဓါတ်ဆီတွေကို ဖမ်းဆီး၊ သိမ်းဆည်းခံရပြီး ခရီးစဉ်ဒုက္ခရောက်တာ မဖြစ်ခဲ့ပါဘူး။ ယုံကြည်သူတွေ အားလုံး စုပေါင်း မခြားမလပ် ဆုတောင်းခြင်းပါပဲ။


မခြားမလပ်ဆုတောင်းခြင် (၂)
ကျွန်တော့်ကို မလေးရှားမှာ မင်္ဂလာဆောင်တခု လက်ထပ်ပေးဖို့ အမျိုးသမီးတဦးက အမေရိကားက ဆရာတပါးကနေတဆင့် တောင်းခံလာပါတယ်။ ကျွန်တော့်မှာ မင်္ဂလာဆောင်ပေးဖို့ အချက်၂ချက်ကို ကြည့်ပါတယ်။ နံပါတ်၁ .. ခရစ်ယာန်ဖြစ်ရမယ် .. နှစ်ခြင်းခံပြီးသူ ဖြစ်ရမယ် .. ။   နံပါတ်၂ .. မိဘ သဘောတူရမယ် ... ။ နှစ်ခြင်းခံပြီးသူ မင်္ဂလာမဆောင်သေးသူ လူလွတ်ဆိုတာတော့ နံပါတ်၁ အချက်မှာ ပါသွားပြီးပေါ့။  မိဘ သဘောတူတဲ့ အတွက် မင်္ဂလာဆောင်ပြီးမှ ကိုးရိုးကားယားမဖြစ်တော့ဘူး ..။ မိန်းကလေး ဖခင်ကိုယ်တိုင် မလေးရှားမှာ လာပို့ပြီး မင်္ဂလာဆောင်ပေးမယ်ဆိုတော့ .. မိဘသဘောတူပြီး .. ဖြစ်နေပြီပဲ။   ကျွန်တော့ရဲ့ ပေါ့ဆမှုကြောင့်ပဲထင်ခဲ့မိတယ် .. မလေးရှားဗီဇာ ရက်ကျန်သေးတယ်ထင်ပြီး သွားခါနီးတရက်အလိုမှ ပတ်စပို့မှာ ဗီဇာကုန်နေတာသိလိုက်ရတယ်။ ကိုယ်က ၃လကျော်ကတည်းက ကတိပေးထားပြီး .. သေချာလာခဲ့ပါမယ် .. မင်္ဂလာဆောင်ပေးဖို့ .. ညရော၊ နောက်နေ့ မနက်ရော မိမိ စင်ကာပူအသင်းသားများ၊ အသင်းတော်အတွက် လုပ်စရာရှိတာတွေ လုပ်နေရင်း မခြားမလပ် ဆုတောင်းနေရပါတယ်။ ..  ဗီဇာမပါပဲ မလေးရှားသွားနိုင်တဲ့ နည်းလမ်းတွေရှိပေမဲ့ .. တခုခုဖြစ်ရင် သင်းအုပ်ဆရာ .. ကျော်မကောင်းဖြစ်နေမှာမို့ .. နောက်ဆုံး မလေးရှားက ဆရာတပါးကိုပဲ အကူအညီတောင်းရင်း ကိုယ်ကတော့ မရောက်ဖြစ်တော့ဘူး။ နောက်တပတ်မှ ဗီဇာလျှောက်ပြီး ဘယ်လိုတောင်းပန်ရ. ပန်ရ တောင်းပန်မယ်ဆုံးဖြက်ထားတယ်။ နောက်တပါတ် မလေးရှား ကေအယ်လ်မြို့ရောက်မှ သိရတယ်။ ..ဒီမိန်းကလေးကို မြန်မာပြည်မှာလည်း လင်ရှိပြီး ၆နှစ်ကလေးတဦးနဲ့ မပြက်မရှင်း .. ရှိနေသေးတယ်။ ဖခင် နဲ့ အမေရိကားက ဆရာတပါးကလည်း မိန်းကလေးကို မလွန်ဆန်နိုင်တာနဲ့ နောက်တစ်ဦးနဲ့ လက်ထပ်ပေးဖို့ လုပ်ပေးရတော့ ... ဘုရားသခင်က ကျွန်တော့ကို ဒီအရှုပ်ထွေးထဲက မင်္ဂလာဆောင်ပွဲ ကတိအတိုင်း သွားနိုင်ရေးအတွက် .. မခြားမလပ်ဆုတောင်းပါလျှက်နဲ့ .. ဘာကြောင့် ဒီမင်္ဂလာပွဲကို ကျွန်တော်ကို သွားခွင့်မပြုသလဲ ဆိုတာ ဘုရားသခင်ရဲ့ အလိုတော်ကို နားလည်လက်ခံရပါတယ်။

မခြားမလပ်ဆုတောင်းခြင်း (၃) စင်ကာပူမှာလည်း မြန်မာပြည်က ဆရာသမားများစွာ ကိစ္စအမျိုးမျိုးနဲ့ ဖြက်သန်းသွားလာ၊ ရောက်လာကြတဲ့အခါ .. အဲဒီဆရာများနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ အသင်းသားများကြောင့်ဖြစ်စေ၊ အခြား ငဲ့စရာအကြောင်းအမျိုးမျိုးကြောင့် အသင်းတော်မှာ တရားပလ္လင်ပေး ဟောခိုင်းရတာမျိုး၊  Bible Study လုပ်ပေးရတာမျိုးတွေ ရှိပါတယ်။
ကျွန်တော်တို့ ငယ်စဉ်က အင်းစိန်က အသင်းတော်မှာလည်း အဲဒီကာလက အပြင်တရားဟောဆရာများ အသင်းတော်မှာ လာတရားဟောပြီးတဲ့နောက် အသင်းတော် ကွဲသွားလေ့ရှိတဲ့ အချိန်ကာလဖြစ်တော့ ကိုယ့်အသင်းတော်ဆရာမဟုတ်ရင် အပြင် ဘယ်ဆရာကိုမှ တရားမဟောခိုင်းကြပါဘူး။ တခါးပိတ်ကာလ အချိန်ပါ။  ဒါပေမဲ့ ကျွန်တော်တို့ သင်းအုပ်ဆရာကတော့ ဘုရားသခင်ကိုပဲ မခြားမလပ်ဆုတောင်းတယ်။ အသင်းတော်လည်း မကွဲပါဘူး။ ဆုတောင်းခြင်းနဲ့ပဲ .. သွားပါတယ်။ ကျွန်တော်လည်း စင်ကာပူကျွန်တော်တို့ အသင်းတော်မှာ ဒီပုံစံအတိုင်းသွားပါတယ်။ အပြင်ဆရာတွေကို တရားဟောခိုင်းတော့ အသင်းတော်လူကြီးတွေကလည်း စိုးရိမ်ကြတယ်။ အယူဝါဒ အသစ်တွေ .. အသင်းတော်နဲ့ မကိုက်ညီတာတွေ ဟောသွားရင် ပြဿနာပဲ .. စိုးရိမ်ကြတာတွေ .. ရှိပါတယ်။ ကျွန်တော်ကတော့ .. အဲဒီဆရာရဲ့ တရားဒေသနာအတွက် .. မခြားမလပ် ဆုတောင်းရပါတယ်။ အခုထိ ဘာမှ ကြီးကြီးကျယ်ကျယ် မရှိပါဘူး.. တစိမ်းဆရာ တရားဟောရင် ဘာတွေဟောသွားမယ်မသိတော့ .. စိုးရိမ်ကြပေမဲ့၊ မခြားမလပ်ဆုတောင်းခြင်းကြောင့် .. မဖြစ်သင့်တာတွေ ဖြစ်မလာပါဘူး...ဘုရားနဲ့အတူ ကျွန်တော်ရှိနေကြောင်းကို .. အသင်းတော်လူကြီးများကို .. ပြောပြရင်း .. ဒီလိုပဲ .. ဆက်သွားနေရပါတယ်။..
ဆုတောင်းပြီးချိန် .. ယုံကြည်ခြင်း စိတ်ချခြင်း...

မခြားမလပ်ဆုတောင်းပြီးချိန်မှာ မိမိဆုတောင်းခြင်းအတွက် ယုံကြည်စွာ၊ ဆုတောင်းခြင်းကို သံသယမရှိရန် အရေးကြီးလှပါတယ်။ ဆုတောင်းပြီးတဲ့နောက် .. ဖြစ်နိုင်ခြေ မရှိ .. သံသယမရှိဖို့ အထူးအရေးကြီးပါတယ်။
ကျေးဇူးတော်ချီးမွမ်းခြင်း...


အဲဒီလို မခြားမလပ်ဆုတောင်းပြီး .. မိမိတောင်းသောဆုအတွက် ပြည့်မည်ကို ယုံကြည်ခြင်းစိတ်ချမှုရှိတဲ့အတွက် .. ဒီ မခြားမလပ် ဆုတောင်းခြင်းကို ကျေးဇူးတော်ချီးမွမ်းနိုင်မယ်ဖြစ်ပါတယ်..
နာမတော်ဖြင့်

Rev စောသြဂတ်စတတ်

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

 
Top