အသက်တာတွင်းအပျော်ဆုံးအချိန်ကို ပြန်ကြည့်သော် ခလေးဘ၀သည် အပျော်ဆုံးဖြစ်၏။ အပူအပင်မရှိ အချိန်တန်ကစား၊ အချိန်တန်စားဖြင့် အသက်တာတွင် အခက်အခဲမရှိသဖြင့် အပျော်ဆုံးသော အချိန်ကာလ တခုဖြစ်ပါသည်။ အရွယ်ရလာသည်နှင့်အမျှ ၎င်းပျော်ရွှင်မှုနေရာများတွင် အခက်အခဲ၊ ပြဿနာများဝင် ရောက် နေရာယူလာပါတော့သည်။ ပျော်စရာများနည်းလာပြီး ၀မ်းနည်းစရာများ၊ သောကများ ၀င်ရောက် နေရာယူလာပါတော့သည်။ “လူ့ဘ၀” ဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်သည် အဘယ်သို့နည်း။ အပူပင်ကင်း သောလူ့ဘ၀၊ ပျော်ရွှင်မှုများနှင့်ပြည့်ဝနေသော လူ့ဘ၀ဆိုသည်မှာ အဘယ်နည်း။

အပူပင်ကင်းမဲ့ပြီး ပျော်ရွှင်ခြင်းနှင့်ပြည့်စုံသော လူ့ဘ၀ကို ဘုရားသခင်ဖန်ဆင်းခဲ့ပါသည်။ ကမ္ဘာကြီးကို ပြီး ပြည့်စုံအောင်အရင်ဖန်ဆင်းပြီးမှ လူသားကိုနောက်ဆုံးမှဖန်ဆင်းခဲ့ပါသည်။ ပြီးပြည့်စုံသော ဧဒင်ဥယာဉ်တွင် လူသားကို နေစေသောအခါ ထာဝရဘုရားသည် လူကို အလကားမနေခိုင်းပါ။ အလုပ်လုပ်ရန်တာဝန်အပ် နှင်းခဲ့ပါသည်။ သက်ရှိသတ္တ၀ါ အားလုံးကိုအုပ်စိုးရန် (ကမ္ဘာဦးကျမ်း ၁း၂၆) နှင့် ဧဒင်ဥယာဉ်ကို ထိမ်းသိမ်း စောင့်ရှောက်ရန် (ကမ္ဘာဦးကျမ်း ၂း၁၅) အလုပ်တာဝန်အပ်နှင်းခဲ့ပါသည်။ အလုပ်လုပ်ရန် စိုးရိမ်ပူပန်နေပါက သဘာဝမကျသလို ၎င်းစိုးရိမ်ပူပန်ခြင်း၏အရင်းအမြစ်သည် မိမိကိုယ်မှဖန်တီးလာသော စိုးရိမ်ခြင်း သို့မဟုတ် စာတန်မှလာသော စိုးရိမ်ခြင်းဖြစ်သည်။ ထို့ကြောင့်ဘုရားသခင်ဆီမှလာသောအရာမဟုတ်ပါက မလက်ခံရန်၊ အသိအမှတ်မပြုရန် အရေးကြီးပါသည်။

မီးသတ်သမားတဦးသည် မီးမလောင်ရန်နေ့စဉ်ပူပင်နေပါက ထိုမီးသတ်သမားအလုပ်ပေါ်လာသောအခါ သူ သည် စိတ်ဓါတ်ရေးရာတ၀က်ရှုံးနေပါပြီ။ အရေးပေါ်လူနာဌာနတွင် တာဝန်ကျသော ဆရာဝန်များ၊ ဆေးဝန် ထမ်းများသည် လူနာရောက်လာမည်ကို စိုးရိမ်နေပါက သူတို့၏စိုးရိမ်စိတ်သည် သူတို့ဘ၀တိုးတက်အောင် မြင်ရေးလမ်းကြောင်းကို ပိတ်နေပါပြီ။ စက်ယန္တာယားများကိုပြုပြင်ထိမ်းသိမ်းရသောအင်ဂျင်နီယာတစ် ယောက်သည် စက်ပျက်မှာကို စိုးရိမ်နေပါက သူ၏အရည်အခြင်းခံနိုင်ရည်သည် အနုတ်လက္ခဏာပြနေပါပြီ။

ထာဝရဘုရားသည် ကျနုပ်တို့လူသားများကို လောကတွင် အလကားပေးမနေဘဲ တာဝန်ပေးခဲ့သော်လည်း စိုးရိမ်စိတ်များ၊ သောကအပူများကို မပေးခဲ့ပါ။ ထို့ကြောင့် ယုံကြည်သူ ဘုရားသခင်သားသမီးများသည် စိုးရိမ်ခြင်းများ၊ သောကပူပင်မှုများနှင့် မသက်ဆိုင်ပါ။ ၎င်းကိုယ်နှင့်မသက်ဆိုင်သည့်အရာများကို လက်ခံ ထားပါက နောက်ဆက်တွဲအဖြင့် အခက်အခဲ ပြဿနာများ နှင့်အတူ ကျရှုံးခြင်းများနောက်မှကပ်လိုက်လာ တတ်ပါသည်။

လူသားများကို လှည့်ဖြားနေသောစာတန်မာနတ်သည် လူသားများကို ကိုယ်ထိလက်ရောက် နှေင့်ယှက်ခွင့် မရှိပါ။ စာတန်သည် လူသားများ၏ စိတ်ဓါတ် နှင့်စိတ်အာရုံကိုသာ စုံစမ်းနှောင့်ယှက်ခွင့်ရှိပါသည်။ ထိုသို့ စုံစမ်းနှောင့်ယှက်သောအခါတွင်လည်း ခမည်းတော်မှ ခွင့်ပြုထားသည့် အဆင့်ထက်ကျော်လွန်ပြီး စုံစမ်းခွင့် မရှိသလို ခမည်းတော်သည်လည်း သူချစ်သော သူ့သားသမီးများခံနိုင်ရည်ရှိသလောက်သာ ခွင့်ပြုထားပါ သည်။ ခံနိုင်ရည်ထက်ကျော်လွန်ပြီး ဘယ်သောအခါမှခွင့်မပြု။ ထို့ကြောင့်စာတန်သည် လူသားများ၏ မျက် လုံးရှေ့တွင် စိုးရိမ်စိတ် နှင့် ပူပင်သောကဆိုသော မျက်မှန်ကိုတပ်ထားပေး၏ ထိုမျက်မှန်ဖြင့် လောကတစ်ခု လုံး  ကို လိုက်ကြည့်သော လောကတစ်ခုလုံးသည် စိုးရိမ်စရာများ ပူပင်သောကများဖြင့်ပြည့်နေပါသည်။ တကယ်တမ်းတွင်မူ လောကသည် စိုးရိမ်စရာမရှိ၊ အဘယ်ကြောင့်ဆိုသော ထာဝရဘုရားသည် သူ့သား သမီးအယောက်စီတိုင်းနှင့်အတူ ကမ္ဘာကုန်သည်အထိရှိနေမည်ဟု ကတိတော်ပေးထားပြီး သူ့သားသမီး များကိုလည်း လောကကိုအောင်နိုင်သောတန်ခိုးကိုပါပေးထားပါ၏။ ထို့ကြောင့် စာတန်မှတပ်ပေးထားသော မျက်မှန်ဖြင့်လောကကိုမကြည့်ရန် သို့မဟုတ် စာတန်လာတပ်ပေးထားသောမျက်မှန်ကို ဖြုတ်ပစ်ရန် လိုပါ သည်။

ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄း၂၇

ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။  ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၈း၂၀

ဧမာနွေလအနက် ကား၊ ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟုဆိုလိုသတည်း။          ရှင်မဿဲခရစ်ဝင်: ၁း၂၃

ဘုရားသခင်၏ သားတော်ဖြစ်သောသူမည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကိုအောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း။ ယောဟန် ၅း၎

ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။ ၁ကော၁၅း၅၇



အခက်အခဲ(ပြဿနာ)၏သဘောသဘာဝ

ကျွန်တော်သည် “ပြဿနာ” ဆိုသောဝေါဟာရစကားလုံးကို ကျွန်တော်တတ်သော ဘာသာစကားတွင် မရှိ စေခြင်သောကြောင့်၎င်း၊ စာဖတ်ပုရိတ်သတ်များနားလည်ရန် ကွင်းစကွင်းပိတ်ထဲတွင်ထည့်ထားခြင်းဖြစ် သည်။ အကြောင်းမှာ ကျွန်တော့်ဘ၀ တွင်ပြဿနာဆိုတာမရှိ။ ကိစ္စအရာတခုကို ပြဿနာဟု မြင်မှသာ ပြဿနာဆိုတာဖြစ်လာ၏။

အားကစားသမားများ အောင်ပွဲရရှိသောအခါ ၀မ်းပန်းတသာပျော်မြူးနေသည်မှာ မြင်ရသောသူများဆီကိုပါ ပျော်ရွှင်မှုများ ပီတိများကူးစက်သွား၏။ သို့သော် ၎င်းအောင်မြင်မှု ပျော်ရွှင်မှုများ၏နောက်ကွယ်တွင်ရှိသော အရာများကိုပါ ကျော်ပြီးမြင်တတ်ရန်လိုပါသည်။ ၎င်းအောင်မြင်မှုများ၏နောက်ကွယ်တွင် အပြင်းအထန် အ ပင်ပန်းခံလေ့ကျင့်မှုများ၊ မောပန်းမှုများ၊ ဒဏ်ရာအနာတရရရှိမှုများ၊ မျက်ရည်များ၊ ၀မ်းနည်းခြင်းများ ရှိနေ ပါသည်။ ၎င်းမောပန်းမှုများ၊ အနာတရရရှိမှုများ မျက်ရည်များသည် အခက်အခဲမဟုတ်သလို ပြဿနာ လည်းမဟုတ်၊ ၎င်းအရာများသည် အောင်မြင်ခြင်းကိုသွားသော သာမန်ခြေလှမ်းများ သို့မဟုတ် အောင်မြင် ခြင်းသို့သွားသော အဆင့်များသည်ဖြစ်သည်။

These are just a process to success.

သားဖွားမိခင်သည် မိမိခလေးကို မြင်သောအခါ မေတ္တာများ၊ ၀မ်းသာမှုများ၊ ပီတိများဖြင့်ပြည့်နေတတ်ပါ  သည်။ သို့သော် ထို ၀မ်းသာပီတိများကို ရောက်ရှိရန် တာဝန်များ၊ မောပန်းမှုများနှင့်ဝေဒနာကိုအရင်ခံစား ရပါသည်။ ၎င်းတာဝန်များ၊ မောပန်းမှုများနှင့် ဝေဒနာသည် ပြဿနာမဟုတ်သလို အခက်အခဲမဟုတ်၊ ၎င်း ဖြစ်စဉ်ကို မကျော်ဖြတ်ဘဲနှင့်လည်း ပန်းတိုင်ကိုမရောက်နိုင်။

အခြားသစ်ပင်တွေထက်မြင့်သောသစ်ပင်သည် လေတိုက်ဒဏ်ကို ပိုခံရ၏။ အခြားသစ်ပင်တွေထက်မြင့်နေ ပြီး မှ လေတိုက်ဒဏ်ကို လျှော့ခံခြင်၍မရ။ ထို့ကြောင့်အခြားသစ်ပင်တွေထက်မြင့်ခြင်ရင် ခံနိုင်ရည်ပိုရှိရန် လိုအပ်ပါ၏။ အခြားသူများထက်အောင်မြင်ခြင်ရင် အခြားသူများထက် ပိုကြိုးစားပြီး ခံနိုင်ရည်ပိုရှိအောင်၊ ပိုမို ရင့်ကျက်ရန်လိုပါသည်။ ရင့်ကျပ်မှု၊ ခံနိုင်ရန်ရှိမှု၊ ဇွဲလုံလ များမရှိဘဲ အခြားသူများထက် ပိုမိုအောင်မြင်နိုင်ရန် မဖြစ်နိုင်ပါ။

သခင်ယေရှု သရုပ်ပြသွားသော လောကအသက်တာတွင် အတိုက်ခံများ၊ ရန်သူများ၊ အတားအဆီးများ နှင့်ပြည့်နှက်နေပါ သည်။ ထို့ကြောင့်လူ့ဘ၀သည် အတိုက်ခံများ ရန်သူများမရှိဘဲမဖြစ်နိုင်။ အတိုက်ခံများ၊ ရန်သူများ၊ အခက်အခဲများမရှိ၊ လုံးဝမရှိဘူးဟုပြောသောသူများသည် အခြေအနေ ၂ခုပေါ်တွင်ရှိနေ၏။ ၎င်းအခြေအနေ ၂ခုမှာ ဘာမှမလုပ်သောဘ၀အခြေအနေနှင့် အောင်မြင်မှုလမ်းကြောင်းပေါ်တွင်မရှိသော အခြေအနေများသာ ဖြစ်သည်။

သင်၏အသက်တာတွင် အတိုက်ခံများ၊ အတားအဆီးအခက်အခဲများကို ရင်ဆိုင်ရသောအခါ အရင်ဆုံးလုပ်သင့် သည်အရာမှာ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းလိုက်ပါ။ အဘယ်ကြောင့်ဆိုသော ဘုရားသခင်သည် သင့်ကို နောင့်တဆင့်ဆိုသောအောင်မြင်ရေးလမ်းကြောင်းအား ပြင်ဆင်ပေးခြင်းဖြစ်သည်။

လေယာဉ်ပျံသည် လေထဲပျံသန်းရန် လေထု၏ခုခံတာဆီးအားနှင့် ကမ္ဘာကြီး၏ဆွဲအားကိုခံစားရ၏။ တနည်း ဆိုသော် ၎င်းအတိုက်ခံအင်အား ၂ခုကို တွန်းကန်ဆန့်ကျင်ပြီးပျံသန်းရပါသည်။ ၎င်းအတိုက်ခံတွန်းခံအား ၂ခုကို လေယာဉ်အင်ဂျင်မှတွန်းအားဖြင့်တန်ပြန်ပြီး အတောင်ပံနှင့်အမြှီးမှပဲ့ဖြင့်လိုရာထိမ်းကွပ်ပြီး သွားနိုင် ပါသည်။

လောကအသက်တာတွင်ရှိသော အတိုက်ခံအင်အားစုများ၊ အနှောင့်အယှက်များ၊ အတားအဆီးများကို ဘုရားသခင်မှပေးထားသည့် ဆုကျေးဇူးများ၊ တန်ခိုးဖြင့်ကျော်လွှားနိုင်ပြီး သန့်ရှင်းသောဝိညာဉ်တော် ၏လမ်းပြမှု၊  သမ္မာတရား၏ထိမ်း ကွပ်မှုဖြင့် လူ့ဘ၀ကို လိုရာသွားနိုင်ပါသည်။

ထာဝရဘုရားကို မျှော်လင့်သော သူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေးသောလည်းမပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။ ဟေရှာယ ၄၀း၃၁

အယောက်စီတိုင်းအောင်မြင်သောအသက်တာ၊ လိုရာသွားနိုင်သောအသက်တာဆီသို့လျှောက်လှမ်းနိုင် ပါစေ။

မေတ္တာဖြင့်

လောမဲ

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

 
Top