လောကလူ့ပတ်ဝန်းကျင်ကို ကျွန်ုပ်တို့ နားစွင့်၍ ဆင်ချင်ကြည့်ပါလျှင် လူတန်းစားအလွှာ အသီးသီးမှ လူတို့၏ ငြီးတွားမြည်တမ်းသံများကို ကျွန်ုပ်တို့ ကြားရမည်ဖြစ်သည်။ အချို့သော မိသားစုများတွင် အကြွေးဝန်ထုပ် ဖိစီးမှုဒဏ် ခံရသလို၊ အချို့သော မိသားစုများ၌လည်း မိမိပိုင်သော အိမ်မြေကွက်များတွင် နေထိုင်ခွင့် မရကြပဲ၊ အကြောင်းအမျိုးမျိုးကြောင့် အခြားသူများ လက်ထဲ၌ ပေးထားရသူများလည်း ရှိပါသည်။ အချို့သော သူများမှာလည်း ရောဂါဝေဒနာ ဖိစီးမှုဒဏ် ခံနေရပြီး၊ ငြီးတွားမြည်တမ်း နေကြရသည်။ ထိုသို့ ခါးသီးစရာ ကောင်းလှသည့် အတွေ့အကြုံ အမျိုးမျိုးကို ကြုံတွေ့ခံစား နေရသူများအတွက် လွတ်မြောက်ရာလမ်းနှင့် အာမခံချက်ကို ဘုရားသခင်က ပြင်ဆင်ပေးထားပါသည်။ ဤသည်ကား သတင်းကောင်း ဖြစ်သည်။ ဘုရားသခင်သည် ထိုခါးသည်းစရာ ကောင်းလှသော အတွေ့အကြုံ အမျိုးမျိုးမှ လွတ်မြောက်၍ အောင်မြင်သော အသက်တာကို ကျွန်ုပ်တို့ ခံစားဖို့ရန် အလိုတော်ရှိပါသည်။
 
ပြဿနာများ၏ အဖြေ
 
လောကကြီးတွင် အနာသိလျှင် ဆေးရှိသည်ဟူသော ဆိုစကား ရှိနေပါသည်။ ယနေ့ အနာရောဂါ သိပါလျက်နှင့် ဆေးမရှိသောရောဂါ။ ကုသမရနိုင်သော ရောဂါများ ရှိသလို၊ ဆေးရှိနေပါလျက် မည်သည့်ရောဂါဟု အမည်တပ်မရ၍ မကုသနိုင်သော ရောဂါများလည်း ရှိနေပါသည်။ AIDS ရောဂါ။ အသဲရောင် ဘီရောဂါများသည်၊ အမည်တပ်၍ ရသော်လည်း ယနေ့ကုသ၍ မရနိုင်သော ရောဂါများအဖြစ် လူသိများပါသည်။ အချို့သော နေရာဒေသများတွင် မည်သည့် ရောဂါဟု အမည်တပ်ရမည် မသိ၍ မည်သည့်ဆေးနှင့် ကုသရမည် မသိသော အဖြစ်ဆိုးများလည်း ရှိနေကြပါသည်။
မကြာမီကာလ၌ ခရစ္စမတ်အချိန် ရောက်တော့မည်ဖြစ်သည်။ သခင်ခရစ်တော်ဘုရား လောကသို့ ကြွဆင်းလာခြင်း၏ အဓိက အကြောင်းရင်းကား အဘယ်နည်း။ လူသားများ ကြုံတွေ့ခံစားရသည့် ဒုက္ခအဖုံဖုံမှ လွတ်မြောက်ဖို့ရန်သော်လည်းကောင်း၊ ပြဿနာအမျိုးမျိုးကို ခံစားနေရသူများ အဖြေကို ရရှိ၍ ဝမ်းမြောက်နိုင်ဖို့အတွက်လည်းကောင်း၊ ကြွလာခြင်းဖြစ်ပါသည်။ ဝမ်းနည်းစရာ ကောင်းသော အခြားအမှု တစ်ခုမှာ ကျေးဇူးကန်းမိကြခြင်း ဖြစ်သည်။ ယနေ့ လူတို့သည် ဤသို့သော သဘောနှင့် အသက်ရှင်နေကြသူများဖြစ်ကြောင်း နှုတ်ကပတ်တော်က ကြိုတင်၍ သတိပေးထားပြီး ဖြစ်ပါသည်။
နှုတ်ကပတ်တော်သည် ပြဿနာအားလုံး၏ အဖြေဖြစ်ပါသည်။ ရောဂါဝေဒနာ ခံစားနေရသည်ဖြစ်စေ၊ အကြွေးဝန်ထုပ် ပိလေးနေသည်ဖြစ်စေ၊ မိမိက ကျေးဇူးပြုခဲ့ပါလျက်နှင့် ပြန်၍ ကျေးဇူးမတုံ့ပြန်ပဲ၊ ကျေးဇူးကန်းကြသူများကြောင့် အတိဒုက္ခရောက်ရသည် ဖြစ်စေ၊ မိမိသေပြီးနောက် မည်သည့် အခြေအနေသို့ ရောက်မည်ကို မသိပဲ၊ တမလွန်ရေးအတွက် တွေး၍ စိတ်အေးနေသည် ဖြစ်ပါစေ၊ ခပ်သိမ်းသောအမှုကိစ္စ၊ အလုံးစုံတို့အတွက် ဘုရားသခင်တွင် အဖြေရှိပါသည်။ လူသားများကို အခြေအနေအမျိုးမျိုးမှ ကယ်တင်ဖို့ရန်နှင့်၊ ဝမ်းမြောက်ဖွယ် ဧဝံဂေလိ သတင်းစကားကို လူသားများ ကြားသိခံစားနိုင်ကြဖို့ရန် ခရစ်တော် ကြွလာခြင်းဖြစ်သည်။
ဆင်ခြင်တုံတရားအခြေခံထား၍
လူတို့သည် ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန်၊ လူ့နည်းလူ့ဟန်ဖြင့် ကြိုးစားကြသည်။ အချို့က လတ်တလော အကြွေးပြေလည်ဖို့ မိမိ၌ရှိသည့် အိမ်မြေကွက်တို့ကို အပေါင်ထား၍ လစဉ် အတိုးပေးပြီး၊ ကြိုးစား ဖြေရှင်းကြသည်။ ဤသည်ကား အဖြေမဟုတ်ပါ။ မိမိကိုယ်ကို မိမိလှည့်စားခြင်းသာ ဖြစ်ပေသည်။ တဒင်္ဂ ခဏ ပြေလည်သယောင် ရှိသော်လည်း၊ မကြာမီ အတိုးဖိစီးမှုကြောင့် ဒုက္ခပို၍ ကြီးလေးလာသည်သာ မက၊ မိမိပိုင်ဆိုင်သည့် မြေအိမ်များ ဆုံးရှုံးသွားနိုင်ပါသည်။ ယနေ့ ထိုကဲ့သို့ နည်းဖြင့် ပြဿနာ ဖြေရှင်းနေကြသော သူများစွာကို ကျွန်ုပ်တို့ တွေ့ကြသလို၊ ကြားသိနေကြရပါသည်။ လူသည် ပြဿာ ကြုံလာသည့်အခါ ဘုရားထံသို့ သွားရမည့်အစား၊ လူထံသို့ သွားဖြင်းသည် လွဲမှားသော ကိုးစားခြင်း တစ်ခုဖြစ်ပါသည်။ ဤသို့ပြုမူခြင်းသည် မှန်ကန်သော ပြဿနာ ဖြေရှင်းနည်း မဟုတ်ပါ။ လူအများစုသည် ပြဿနာ ဖြစ်သည့်အခါ ဘုရားရှင်ထံ အဘယ့်ကြောင့် မလာချင်ရပါသနည်း။ အချို့ကလည်း ကူညီမစနိုင်သော ဘုရားရှင်ထံသို့ လာသည့်အခါ စကားတော်ကို နာခံ၍၊ တုံ့ပြန်လုပ်ဆောင်ရမည့် အမှုကို မပြုလို၍လည်းကောင်း၊ အချိန်ကို မစောင့်နိုင်ကြ၍ လည်းကောင်း ဖြစ်ပေသည်။ သို့ဖြစ်၍ ကိုယ့်နည်း၊ ကိုယ့်ဟန်ဖြင့် ပြဿနာ ဖြေရှင်းကြသည်။ ထိုသို့ပြုခြင်းကြောင့် ရှင်းလေ၊ ရှုပ်လေ ဆိုသည့် အဖြစ်မျိုး ခံစားကြရသည်မှာ ဝမ်းနည်းစရာ ကောင်းလှပေသည်။
 
ဒုက္ခသစ္စာတရား
 
ကျွန်ုပ်တို့ လူသားများ ဒုက္ခပြဿနာ ကြုံရခြင်းသည် ဘုရားကို သိဖို့၊ ဘုရားကို ကိုးစားနိုင်ဖို့၊ အခွင့်ထူးကို ဘုရားရှင်က ပြင်ဆင်ပေးနေခြင်း ဖြစ်သည်။ ထိုအချက်ကို တရားသဘောအရ၊ ဆင်ခြင်ပါသော် ဒုက္ခသစ္စတရား ဟု ဆိုရပေမည်။ ဒုက္ခများစွာ ကြုံရခြင်းသည် အတိတ်က ဝဋ်ကြွေး၏ ဖိစီးမှုကြောင့် အမင်္ဂလာသဖွယ် ထင်ရသော်လည်း ထိုဝဋ်ကြွေးဒုက္ခကို ဖယ်ပေးနိုင်သော သစ္စာတော်ရှင် ဘုရားသခင် ရှိကြောင်းကို သိ၍၊ ထိုဖိစီးမှုမှ ကယ်လွှတ်ဖို့ရန်၊ ဆုတောင်းပါက ကိုယ်တော်သည် ကြား၍၊ ကူညီကယ်တင်သည့်အခါ၊ ပြဿနာ၏ ဖိစီးမှုမှ လွတ်ကင်းလျက် ဒုက္ခသစ္စာတရား၏ အကျိုးထူးကို ခံစားကြရပေမည်။
ဤအကျိုးထူးကို ခံစားဖို့ရန် အလို့ငှာ၊ သခင်ခရစ်တော်သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခန့်က လောကသို့ ကြွလာခဲ့ပါသည်။ အပြစ်ကြောင့် အကျိုးကွင်းဆက်အဖြစ် ဒုက္ခပြဿနာ ဖိစီးမှု၊ အဖုံဖုံ၊ ကြုံနေရသောသူများကို အပြစ်တရား၏ ချည်နှောင်ခြင်းအောက်မှ လွတ်ဖို့ရန်၊ တရားက တောင်းဆိုသည့် အပြစ်တရား အခကား၊ သေခြင်းပေတည်း ဟူသော အဖိုးအခကို ကိုယ်တော်က ကားတိုင်ပေါ်မှာ အသေခံပေးဆပ်ပြီးမှ မိမိကို ယုံကြည်သူတိုင်း အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်နိုင်သော အာမခ့ချက်ကို တရားမျှတစွာ ပြင်ဆင်ပေးခဲ့ပါသည်။ အပြစ်ဒဏ် စီရင်ခြင်းခံရမည့် အခြေမှ၊ ကယ်လွှတ်ခြင်းခံစားရသလို၊ ယခုလောက၌ ခေတ္တ အသက်ရှင်ရစဉ် တွေ့ကြုံရသည့် အကြွေးပိလေးခြင်းနှင့် အခြားသော ပြဿနာဖိစီးမှု အမျိုးမျိုးမှလည်း ကိုယ်တော်အားဖြင့် ကျော်လွှား၊ လွတ်မြောက်ရသော အခွင့်ကို ရရှိနိုင်ကြပါသည်။
ကမ္ဘာဦးအစ ဖန်ဆင်းစဉ်က ဧဒင်ဥယျာဉ်တွင်၌ လူကိုထား၍ ကောင်းမကောင်း၊ သိကွမ်းရာအပင်၏ အသီးကို မစားဖို့ တားမြစ်ထားပါသည်။ လူသည် ဘုရားစကားကို နားမထောင်ပဲ၊ ကောင်းမကောင်း သိကျွမ်းရာ အပင်အသီးကို ယူ၍ စားမိသဖြင့် အပြစ်၏ အကျိုးကွင်းဆက်ကို ယနေ့တိုင် လူသားများ ခံစားရလျှက်ရှိပါသည်။ ယနေ့လည်း ထိုနည်းတူပင်ဖြစ်၍ ရုံးဌာနများတွင် လာဘ်ပေး၊ လာဘ်ယူမှု မပြုပဲ၊ ပြည်သူတို့အတွက် တိကျမြန်ဆန်စွာ လုပ်ရန် သတိပေးနေပါလျက်နှင့် မလိုက်နာ၊ မနာခံကြသူများလည်း ရှိနေကြပါသည်။ ထိုသူများကို ၄င်းတို့၏ အထက်အာဏာပိုင် လူကြီးများက မသိသော်လည်း၊ ဘုရားသခင်က သိမြင်ပါသည်။ သိသော အမှုများအတွက် လောကီတရားအရ၊ အရေးယူနိုင်သော်လည်း၊ မသိသော အမှုများအတွက် လွတ်ပြီဟု မယူဆသင့်ပါ။ ကျွန်ုပ်တို့၏ အသက်ရှင်မှုများကို စေ့စေ့ကြည့်၍ မြင်တော်မူသော ဘုရားရှင် ရှေ့တော်၌ မလွတ်ပါ။ မိမိပြုသော အမှု၏ အကျိုး၊ အပြစ်ကို ခံစားရမည်သာ ဖြစ်သည်။ (ဂလာ ၆း၇)
 
သန့်ရှင်းခြင်းအခွင့်
 
(ဆာ ၈၆)တွင် ဆာလံဆရာကြီးက ထာဝရဘုရားသခင်အား၊ နားတော်ကို လှည့်၍ မိမိစကားကို နားထောင်တော်မူပါရန် တောင်းပန်ပါသည်။ ယနေ့ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်မှ ပရိတ်သတ်ရှေ့သို့ ထွက်၍ ဆုတောင်းခံကြသူ များစွာတို့သည်၊ ဘုရားသခင်၏ သက်သေကို ခံစားလျက်ရှိကြပါသည်။ ထိုသို့ သက်သေရခြင်းမှာ ဘုရားရှင် အသက်ရှင်တော်မူခြင်းကြောင့် ဖြစ်ပါသည်။  (ယော ၁၄း၁၃) တွင် ခမည်းတော် ဘုရားသည်၊ သားတော်အားဖြင့် ဘုန်းထင်ရှားခြင်း ရှိမည့်အကြောင်း သခင်ယေရှု၏ နာမကို အမှီပြု၍ ဆုတောင်းရန် မိန့်တော်မူပါသည်။
ထို့အပြင် ရှေ့တော်သို့ တိုးဝင်သည့်အခါ၊ ကျွန်ုတို့၏ အသက်တာ သန့်ရှင်းခြင်း ရှိဖို့၊ ကိုယ်တော်အလိုရှိပါသည်။ လူသားတိုင်း ဘုရားသခင် ရှေ့တော်၌ အပြစ်သားများ ဖြစ်ကြသည်။ အပြစ်ကြောင့် ညစ်ညူးနေသော ကျွန်ုပ်တို့အား သန့်ရှင်းခြင်း ရရန်၊ ခရစ်တော်သည် အသွေးတော်အားဖြင့် ပြင်ဆင်ပေးခဲ့ပါသည်။ အပြစ်၌ ညစ်ညူးနေသော ကျွန်ုပ်တို့သည် ကိုယ်တော်ကို ယုံကြည်ခြင်းအားဖြင့် အသွေးတော်၏ ဆေးကြောမှု ခံရကာ၊ ဘုရားသခင် ရှေ့တော်၌ သန့်ရှင်းသူများ ဖြစ်လာကြပါသည်။ ထို့ကြောင့် အသွေးတော်အားဖြင့် ပြင်ဆင်ပေး၍ ရရှိလာသည့် သန့်ရှင်းခြင်းအခွင့်ကို တန်ဖိုးထား၍ ကျွန်ုပ်တို့ အသက်ရှင်ရပေမည်။ ဆာလံဆရာကြီးက မိမိသည် သန့်ရှင်းသူတို့ အဝင်ဖြစ်ကြောင်း၊ ဝန်ခံပြောဆိုသလို၊ ကျွန်ုပ်တို့သည်လည်း ဝန်ခံပြောဆိုနိုင်သူများ ဖြစ်ဖို့ လိုပါသည်။
 
လူမျိုးကြီးအဝင်ဖြစ်စေရန်
 
(က ၁၂)တွင် ဘုရားရှင်က အာဗြာဟံကို သင့်အား လူမျိုးကြီးဖြစ်စေမည် ဟု မိန့်တော်မူပါသည်။ ဤနက်နဲမှုကို အာဗြဟံ နားမလည်ပါ။ ဘုရားသခင်နှင့် နီးကပ်ပြီး ကျွမ်း ဝင်မှသာ လူမျိုးကြီးဝင် ဖြစ်ပါသည်။
ယနေ့ ယုံကြည်သူများသည်လည်း ဘုရားရှင်က ကောင်းကြီးပေးမည် ဟု ဆိုပြိးမှ၊ အိမ်မရှိ၊ ကားမရှိ၊ မြင်နိုင်သော စည်းစိမ်ကြွယ်ဝမှု မရှိသည့်အခါ နားမလည်နိုင်အောင် ဖြစ်ကြသည်။ ဝတ္တုပစ္စည်းနှင့် မြင်နိုင်သောအရာသည် ကိုယ်တော့်ရှေ့တွင် ကောင်းကြီးမဟုတ်ပါ။ တဲနှင့်နေရသော်လည်း ဘုရားသခင်နှင့် သွားလာသူသည် စိတ်နှလုံး၌ ဝမ်းမြောက်လျက်၊ စားရန်၊ သောက်ရန်၊ ဖူလုံစွာရှိပြီး၊ ထိုသို့သောသူကို လူမျိုးကြီးဝင်ဟု ဆိုနိုင်ပါသည်။
မြင်နိုင်သော ဥစ္စာဘဏ္ဍာ၊ လူအရေအတွက်၊ လုပ်ဆောင်မှုများသည် လူမျိုးကြီးဝင်သော သက်သေများ မဟုတ်ပါ။ ယနေ့ ကျွန်ုပ်တို့သည်လည်း လူမျိုးကြီးဝင်များ ဖြစ်ကြသည်၊ မဖြစ်ကြသည်ကို သတိပြုသင့်သည်။ လူမျိုးကြီးဝင် ဖြစ်မှသာ ဘုရားရှင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည် ဖြစ်သည်။ (ဟေ ၆၁း၁-၃)တွင် ဆင်းရဲခြင်း အမျိုးမျိုးထဲမှ လွတ်မြောက်နိုင်ကြောင်း ဝမ်းမြောက်စရာ သတင်းကောင်း ရှိနေပါသည်။ ထိုသတင်းကောင်းကို ယူဆောင်လာသူမှာ ခရစ်တော်ဖြစ်ပါသည်။ ခရစ်တော်အားဖြင့် လူမျိုးကြီးဝင် ဖြစ်နိုင်သော အခွင့်ထူး ရှိနေပါလျက်နှင့် အခွင့်အရေးရှုံးသောသူများ မဖြစ်ကြရန် ယနေ့ပင် ကျွန်ုပ်တို့ အသက်တာကို သတိနှင့် ပြင်ဆင်ကြဖို့၊ မေတ္တာနှင့် အသိပေးဝေငှလိုက်ပါသည်။
 
ဦးတင်မောင်ထွန်း Rev, ညီအစ်ကိုများအသင်းတော်၊ ရန်ကုန် 8-10-1999

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

 
Top