သခင်ယေရှုရဲ့ သစ္စာရှိတပည့်တော်များဟာ သူတို့သခင်ရဲ့ အသေခံခြင်းမြင်ကွင်းကို ခပ်လှမ်းလှမ်းကနေ ကြည့်ရှုနေခဲ့ကြတယ်။ ဘာအကူအညီမှ မပေးနိုင်တဲ့အခါမှာ သူတို့ဟာ သခင်ရဲ့ နာကျင်မှုကြောင့် ထွက်ပေါ်လာတဲ့ ညည်းညူသံကို နာရီမလပ်ကြားနေရပြီး သူတို့ချစ်သော သခင် သေကောင်ပေါင်းလဲ ဖြစ်နေသော မြင်ကွင်းသည် သူတို့နှလုံးသားကို ပြင်းထန်စွာ နာကျင်စေတယ်။ အပြစ်ကို မုန်းသော ဘုရားသခင်ရဲ့ တရားစီရင်ခြင်းဟာ တစ်ပါးတည်းသော သားတော်အပေါ် စုပုံကျရောက်ပြီး ခံစားရသော နာကျင်မှုဝေဒနာတွေလည်း လူ့သမိုင်းမှာ အပြင်းထန်ဆုံးဝေဒနာပင်ဖြစ်တယ်။

ယေရှုသည် လူထုကြီး၏ ချီးမွမ်းမှုကို ခံယူကာ ယေရုရှလင်မြို့သို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သော်လည်း ၂၄ နာရီမပြည့်မီမှာပင် ရိုက်နှက်ဖမ်းဆီးခြင်းကို ခံရပြီး ကားစင်တင်ခံခဲ့ရတယ်။ ညနေပိုင်းရောက်တဲ့အခါမှာတော့ ထိုနေရာကို အရိမဿဲမြို့သား ယောသပ်နှင့် နိကောဒင်အမည်ရှိ ပုဂ္ဂိုလ်ကြီး နှစ်ဦး ရောက်ရှိလာခဲ့တယ်။ သူတို့သည် ယုဒခေါင်းဆောင်များကို ကြောက်သဖြင့် ယေရှု၏ တပည့်တော်ဖြစ်ကြောင်း အတိအလင်း ဝန်ခံခြင်း မရှိသူတွေဖြစ်တယ်။ သူတို့ဟာ ယေရှုအလောင်းတော်ကို ကားစင်မှ ဖြုတ်ယူပြီး အမွှေးနံ့သာများ လိမ်းကျံကာ အဝတ်ဖြူနှင့် ပတ်ရစ်ပြီး မည်သူမျှ သင်္ဂြိုလ်ဖူးခြင်း မရှိသေးသော ကျောက်သင်္ချိုင်းမှာ သင်္ဂြိုလ်ထားကြတယ်။

နောက်နေ့မှာ ယဇ်ပုရောဟိတ်များနှင့် ဖာရိရှဲတို့သည် ပိလတ်မင်းထံဝင်ပြီး “ထိုလှည့်ဖြားသောသူက ငါသည် သုံးရက်မြောက်သောနေ့၌ ထမြောက်မည်ဟု ပြောခဲ့သောကြောင့် သူ၏ တပည့်တို့သည် အလောင်းကို ခိုးယူပြီးလျှင် သေခြင်းမှ ထမြောက်ပြီဟု လူတို့အား ပြောသော် ရှေ့အမှားထက် နောက်အမှား သာ၍ ကြီးမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍ သင်္ချိုင်းတွင်းကို လုံခြုံစွာ စောင့်ရန် အမိန့်ရှိတော်မူပါ” ဟု လျှောက်ကြသောအခါ ပိလတ်မင်းက နေ့ရော ညပါ လုံခြုံစွာ စောင့်ရန် စစ်သားများအား အမိန့်ပေးခဲ့တယ်။

နောက်နေ့နံနက်လင်းအားကြီးအချိန်တွင် အင်အားကြီးသောငလျင်သည် သင်္ချိုင်းတစ်ခုလုံးအား လှုပ်ခါလိုက်ပြီး၊ မျက်စိကန်းစေလောက်အောင် တောက်ပသော အလင်းသည် ထွန်းလင်းကာ မျက်နှာသည် လျှပ်စစ်ကဲ့သို့ ဖြစ်၍ မိုဃ်းပွင့်ကဲ့သို့ ဖြူစင်သော အဝတ်ကို ဝတ်ဆင်ထားသော ထာဝရဘုရား၏ ကောင်းကင်တမန်ကို အစောင့်စစ်သားတို့မြင်သော် သေမတတ် ကြောက်ရွံ့ကြတယ်။ ကြီးသောတန်ခိုးတော်အားဖြင့် ယေရှုရှင် ပြန်ထမြောက်ခဲ့ပြီ။ ကောင်းကင်တမန်ကလည်း ဂူဝ၌ ပိတ်ထားသော ကျောက်တုံးကို တွန်းဖယ်ပြီး၊ ထိုကျောက်ပေါ်မှာ ထိုင်နေခဲ့တယ်။

ဒီအချိန်မှာပဲ မာဂဒလမာရိနှင့် အခြားမာရိတို့ဟာ သင်္ချိုင်းတော်ကို ကြည့်ဖို့ ရောက်လာခဲ့ကြတယ်။ ကောင်းကင်တမန်ကို မြင်သော် နှစ်ယောက်လုံး အလွန်ထိတ်လန့်သွားကြတယ်။ ကောင်းကင်တမန်ကလည်း “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သော ယေရှုကို သင်တို့ ရှာကြသည်ကို ငါသိ၏။ ဤအရပ်၌မရှိ။ မိန့်တော်မူသည့်အတိုင်း ထမြောက်တော်မူပြီ။ အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော်မူကြောင်းကို တပည့်တော်တို့အား ပြောကြလော့။” ဟု မိန့်တော်မူတယ်။ ထို့နောက် သူတို့သည် သင်္ချိုင်းတော်မှ တုန်လှုပ်စွာ ထွက်ခွာခဲ့ကြတယ်။ သူတို့နှလုံးသားထဲမှာ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့် ပြည့်နှက်လျက်ရှိလေတော့သတည်း။
ရှင်မဿဲခရစ်ဝင် ၂၇း၅၅-၆၆။
ရှင်မာကုခရစ်ဝင် ၁၆း၁-၁၄။
ရှင်လုကာခရစ်ဝင် ၂၄း၁-၄၉။
ရှင်ယောဟန်ခရစ်ဝင် ၂၀း၁-၂၃။

“သေခြင်းမှ ထမြောက်တော်မူ၍ သန့်ရှင်းသောဝိညာဉ်အားဖြင့် တန်ခိုးနှင့်တကွ ဘုရားသခင်၏ သားတော် အထင်အရှား ဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်းဟုသော…” - ရော ၁း၎

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

 
Top