နှစ်စဉ် နှစ်တိုင်း သြဂုတ်လ(၁) ရက်နေ့သည် ”ကမ္ဘာ့မိခင်နို့ တိုက်ကျွေး ရေးနေ့” ဖြစ်သလို၊ သြဂုတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့ အထိသည် ”ကမ္ဘာ့မိခင် နို့တိုက်ကျွေး ရေးရက် သတ္တပတ်” ဖြစ်၍ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၊ UNICEF ခေါ် ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့၊ အဖွဲ့ဝင် နိုင်ငံ များတွင် မိခင်နို့တိုက် ကျွေးရေးဆိုင်ရာ လှုံ့ဆော် လှုပ်ရှားမှု အစီအစဉ်များ ကျင်းပ လေ့ ရှိသည်။ မိခင်နို့ တိုက် ကျွေးခြင်းသည် ကမ္ဘာဦး အစကပင် ကျင့်သုံးခဲ့သော သဘာဝ စနစ် ဖြစ်နေပေရာ မိခင် နို့ တိုက်ကျွေး ခြင်း၏ အနက်အဓိပ္ပာယ်၊ မိခင်များ အပေါ်အကျိုး သက်ရောက်မှု၊ ရင်သွေးငယ်များ အတွက် ရရှိသည့် အကျိုး ကျေးဇူးများ၊ မိသားစု၊ ရပ်ကွက် ကျေး ရွာ၊ နိုင်ငံ၊ ဒေသနှင့် ကမ္ဘာသူ၊ ကမ္ဘာသား များ ခံစားရမည့် အကျိုး အမြတ်များ၊ မိခင်နို့ တိုက် ကျွေးခြင်းနှင့် ပတ်သက်သော အခက်အခဲ ပြဿနာ စိန်ခေါ်မှု များ၊ မိခင်နို့ တိုက်ကျွေး ခြင်း နှင့် ကလေး ကျန်းမာရေး စသည့် အကြောင်း အရာများကို အနည်း ငယ် တင်ပြလို ပါသည်။ 
မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းဆိုသည်မှာ
ကလေး မွေးဖွားသည့် နေ့မှစတင်၍ ကလေးအသက် ခြောက်လ ပြည့်သည် အထိ မိခင်နို့ တစ်မျိုးတည်း ကိုသာ တိုက်ကျွေး ခြင်းကို ဆိုလိုသည်။ ထိုခြောက်လ ကာလအတွင်း မိခင်နို့ မှတစ်ပါး အရည်ဖြစ်စေ၊ အဖတ်ဖြစ်စေ၊ အခြား မည်သည့် အစားအစာကိုမျှ မတိုက်ကျွေးဘဲ မိခင်နို့ရည် တစ်မျိုးတည်း ကိုသာ အချိန်မရွေး အခါမရွေး တိုက်ကျွေး ရန်ဖြစ်သည်။ ပထမဦးဆုံး ထွက်ပေါ် လာသည့် မိခင်နို့ ရည်ကြည်အား လက်မလွတ် တန်း မဖြစ် မနေ တိုက်ကျွေးခြင်းသည် အရေးကြီးဆုံး အချက် တစ်ခုပင်ဖြစ်သည်။ မိခင်ဝမ်းတွင်းမှ ကျွတ်ပြီး အချင်းမကျမီ ချက်ကြိုး မဖြတ်ခင်ကပင် ရင်သွေးငယ်အား မိခင်၏ နွေးထွေးသော ရင်ခွင်တွင် ထားရှိကာ နို့ချိုစို့ရန်အခွင့် အလမ်း ဖန်တီးပေးရမည်ဟု ဆိုထားသည်။ မိခင်ရော ကလေးပါ လုံခြုံစိတ်ချ ရသော ပတ်ဝန်းကျင်၊ တွယ်တာ ယုယမှု စသည်တို့ကို စတင် ခံစားစေသည့် အချိန်အခါ လည်းဖြစ်သည်။ 
မိခင်အပေါ်အကျိုးသက်ရောက်မှု
ကလေး မျက်နှာမြင်ပြီး မနှေးအမြန် မိခင်နို့ တိုက်ကျွေးခြင်းသည် အချင်းကပ်ခြင်း အန္တရာယ်ကို ကာကွယ် ပေးပြီး အချင်းကို အလွယ်တကူ ကျဆင်းစေသည်။ ထိုကဲ့သို့ မိခင်နို့ စောစီးစွာ တိုက်ကျွေးခြင်း သည် သွေးသွန်ခြင်း၊ ထိုမှတစ်ဆင့် သွေးဖျော့ ရောဂါ ခံစားရခြင်း တို့ကိုလည်း တားဆီးပေး သည်မှာ ကြီးမားသော အကျိုးကျေးဇူး တစ်ခုပင်ဖြစ်သည်။ ကလေးငယ်၏ ကျန်းမာရေး အာဟာရ ဖြည့်ဆည်းရေး၊ ဆာလောင်မှုကို ကုစားရေး ဆိုင်ရာ မိခင်၏စိတ်ဖိစီးမှု၊ ပူပင်သောက များကို မိခင်နို့တိုက် ကျွေးခြင်းက တားဆီး ပေးသည်မှာ လေ့လာချက် များအရ အထင်အရှား ဖြစ်သည်။ မွေးကင်းစ ကလေးငယ်အား ပထမခြောက်လ အတွင်း မိခင်နို့ တစ်မျိုး တည်းကိုသာ တိုက်ကျွေးခြင်းသည် မိခင်အတွက် ငွေကြေးချွေတာရာကျသည့်အပြင် မလိုလားအပ် သော အင်အား စိုက်ထုတ်မှု ကိုလည်း လျော့ပါး သက်သာစေ သည်မှာ အမှန်ပင်။  ဥပမာ နို့မှုန့်ဝယ်ယူခြင်း၊ နို့ဘူး ဖျော်စပ်ခြင်း၊ နို့ဘူး ဆေးကြောခြင်း၊ ရေနွေးပြုတ်ခြင်း အတွက်လည်း အချိန်ကုန် လူပန်းမဖြစ်ဘဲ၊ မိသားစု အတွက် အခြားလုပ်ငန်း ဆောင်တာများ ပြုလုပ်ရန် အချိန်ပိုမို ရရှိခြင်းသည် အကျိုးအမြတ် တစ်ခု ဖြစ်ပေသည်။ မိခင်နို့ တိုက်ကျွေးခြင်းသည် သားဆက် ခြားခြင်းကို အထောက်အကူပြုရုံသာမက မိခင်၏ ကိုယ်ခံ အားကိုလည်း ထွက်ပေါ်လာသော ဟိုမုန်းများမှ တစ်ဆင့်မြှင့်တင်ပေးခြင်း သည် ထူးခြားသော အကျိုးကျေးဇူး တစ်ခု ပင်ဖြစ်သည်။ ထိုမျှမက ဆီးချို၊ သွေးချို ဝေဒနာ ခံစားနေရသူ မိခင်များ အတွက် အင်ဆူလင်ဆေး ထိုးမှုလိုအပ် ချက်ကိုလည်း လျော့ပါးစေပြီး အရိုးပွခြင်း၊ အရိုးပျော့ခြင်း အန္တရာယ်များကိုလည်း ကာကွယ်ပေး သည်။
ရင်သွေးငယ်များအတွက် အကျိုးကျေးဇူး
အနန္တ ဂိုဏ်းဝင် မာတာ မိခင်သည် မိမိသွေးဖြင့် ရင်းပြီး ထုတ်ပေးသော နို့ချိုကို ရင်သွေးငယ် အား တိုက်ကျွေး ခြင်းဖြင့် ရင်သွေးငယ်သည် မိခင်၏ နို့ကိုစို့ယူနေစဉ် ကာလအတွင်း  ကလေးပုံမှန် ကြီးထွားမှု ဆိုင်ရာ  ဟိုမုန်းဓာတ်သည်  သဘာဝ အလျောက် ထွက်ပေါ်လာပြီး ကလေး၏ခံတွင်း၊ လျှာ၊ သွားဖုံး၊ လျှာခင်၊ အာသီး၊ ပါးစပ်၊ ပါး၊ နှုတ်ခမ်း စသည်များ ဖွံ့ဖြိုးမှုကို ဖြစ်ပေါ် စေကြောင်း ပညာရှင်များက ဆိုထားသည်။ မိခင်နို့ တိုက်ကျွေးခြင်းသည် ရင်သွေးငယ်များ ပုံမှန်ကြီးထွားမှု၊ ကျန်းမာ သန်စွမ်းမှု၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း များပြည့်စုံ ဖွံ့ဖြိုးမှု၊ အထူးသဖြင့် ဦးနှောက် ဖွံ့ဖြိုးမှု၊ အထွေထွေ ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်ရှိစေမှု၊ ရောဂါ ဘယများမှ ကြိုတင်ကာ ကွယ်ပေးမှု စသည်များကို အထောက်အကူ ပြုလျက်ရှိသည်။ ဝမ်းပျက် ဝမ်းလျှော ရောဂါများ၊ နမိုးနီးယား အဆုတ်ရောင် ရောဂါနှင့် အခြားအသက်ရှူ လမ်းကြောင်း ရောဂါများ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများ၊ ဆီးလမ်းကြောင်း ရောဂါများနှင့် အခြားကူးစက် ရောဂါများကိုလည်း ကာကွယ် ပေးလျက် ရှိသည်။ ရင်သွေးငယ်အား မွေးကင်းစမှ ခြောက်လ အရွယ်အထိ မိခင်နို့ တစ်မျိုးတည်း ကိုသာ တိုက်ကျွေး ခြင်းဖြင့် ပတ်ဝန်းကျင်ကြောင့်ဖြစ်ပေါ်သောရောဂါများ၊ အစားအစာ မတည့်မှုကြောင့် ရရှိ တတ်သော ဝေဒနာများကို ဟန့်တား စေသည့်အပြင် အာဟာရ ချို့တဲ့မှုကိုလည်း တားဆီး ပေးသည်။ 
မိခင်နို့တိုက်ကျွေးခြင်းနှင့် ကလေးကျန်းမာရေး
ခြောက်လတိတိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးခြင်းသည် ရင်သွေးငယ်၏ အာဟာရ ဆိုင်ရာ လိုအပ်ချက် မှန်သမျှကိုဖြည့်ဆည်းပေးနိုင်စွမ်း ရှိသည်။ခြောက်လကျော်ပြီး နှစ်နှစ်အထိ သို့မဟုတ် နှစ်နှစ်ကျော် သည်အထိ မိခင်နို့နှင့်ဖြည့်စွက် အစားအစာကျွေးခြင်းသည် ရင်သွေးငယ်၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ         လိုအပ်ချက် များကိုဖြည့်ဆည်း ပေးသည်။ မိခင်နို့ သောက်စို့သူ ကလေးများသည် နို့ဘူးတိုက်ကျွေးသော ကလေး များထက် ပိုမိုကျန်းမာ သန်စွမ်းသည့် အပြင် ရောဂါဘယ တွန်းကန်မှု သတ္တိ၌လည်း သာလွန်ပေသည်။ မိခင်နို့၌ သဘာဝက ဖန်တီးပေး ထားသော အာဟာရများ ပြီးပြည့်စုံအောင် ပါရှိလျက်ရှိသည်။ အဆီနှော အက်စစ် အာဟာရဓာတ် သည်လည်း ကလေးငယ်၏ ဥာဏ်ရည် ဥာဏ်သွေး၊ ကိုယ်ရည် ကိုယ်သွေးနှင့် အိုင်ကျူကို မြှင့်တင် ပေးရုံမက ကလေးငယ်၏ စက္ခုအာရုံ ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူ ပြုပေသည်။
စိန်ခေါ်မှုများ
မိခင်နို့ တစ်မျိုးတည်း ကိုသာ တိုက်ကျွေးမှု ဆိုင်ရာမိခင်၏ လိုလား တောင့်တချက် များသည် အချို့ နယ်ပယ်များ၌ အသိအမှတ် ပြုခြင်းမခံရဘဲ အားပေး ကူညီမှုလည်း မရရှိခြင်း ကြောင့် အခက်အခဲ များဖြင့် ကြုံတွေ့ တတ်ကြောင်း ကမ္ဘာ့အဖွဲ့ အစည်း WABA က ဆိုထားသည်။ ထိုအဖွဲ့အစည်းသည် UNICEF ၏ ကမ္ဘာ့ မိခင်နို့ တိုက်ကျွေးရေးစနစ် ကာကွယ် စောင့်ရှောက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အထောက် အကူပြုမှု ဆိုင်ရာ မိတ်ဖွဲ့ အဖွဲ့အစည်း တစ်ခုဖြစ်သည်။ စာရေးသူ တာဝန် ထမ်းဆောင်ခဲ့သည့် ဆေးရုံများရှိ သူနာပြုများ၊ အခြား ဝန်ထမ်းများသည် လုပ်ငန်းခွင်သို့ မလာရောက်မီ နို့စို့ကလေးကို နို့တစ်ဝတိုက်ခဲ့ကာ ဆက်လက် တိုက်ကျွေးရန် နို့ညှစ်ပြီး ရေခဲသေတ္တာထဲ ထားခဲ့ခြင်းကို ခင်ပွန်း၊ ယောက္ခမ စသည့် မိသားစုဝင်များက အားမပေးဘဲ ဖော်မြူလာ နို့မှုန့်များ တိုက်ကျွေးခြင်း များရှိခဲ့သည်ကို ၎င်းးတို့၏ ညည်းညူ ပြောဆိုမှု များအရ သိရှိခဲ့ရသည်။ အရပ်ထဲ၌လည်း မိခင်နှင့် မိသားစု၏ စီးပွားရေး အခြေအနေ၊ အထွေထွေ ဗဟုသုတ၊ ပညာရေးအဆင့် အတန်း၊ ပညာပေး အစီအစဉ်များ လက်လှမ်းမမီမှု၊ ရောဂါဝေဒနာ ခံစားနေရမှု၊ စိတ်ဖိစီးမှု များသည်လည်း မိခင်နို့ တိုက်ကျွေးမှု အတွက် အဟန့်အတား များဖြစ်နေပေ သည်။ ဖော်မြူလာ နို့မှုန့် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းဝယ် ဖောက်ကား သူများ၏ မက်လုံးများသည် ကျန်းမာရေး ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲများ၊ ဟောပြောပွဲ များကိုပင် စပွန်ဆာ လုပ်ခြင်းမှတစ်ဆင့် ထိုးဖောက် နေသည်ကိုမြင်တွေ့ နိုင်ပေသည်။ 
ရင်သွေး၊ မိခင်၊ မိသားစုအစ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးအဆုံး အကျိုးသက်ရောက်မှုရလဒ်
UNICEF,WABA စသည့် အဖွဲ့ အစည်းများ၏ လေ့လာချက်နှင့် သုတေသန ရလဒ်များအရ နှစ်စဉ်နှစ်တိုင်း ကမ္ဘာအနှံ့ ရင်သွေးငယ်များ ၁ ဒသမ ၅ သန်းကျော် ဝမ်းပျက် ဝမ်းလျှော ရောဂါ၊ အဆုတ် ရောင်နမိုးနီးယား ရောဂါများကြောင့် သေဆုံးနေမှုအား မိခင်နို့ တိုက်ကျွေးမှု စနစ်ဖြင့် တစ်စိတ် တစ်ဒေသ လျော့ပါးပပျောက် သွား စေနိုင်ကြောင်း တင်ပြရင်း ကမ္ဘာ့မိခင်နို့ တိုက်ကျွေး ရေးနေ့ကို ကြိုဆိုဂုဏ်ပြု လိုက်ပါသည်။   
 
(ဒေါက်တာအောင်စိုး (ခ) အောင်ကျော်မိုး)
(အငြိမ်းစားပြည်နယ်ဆေးရုံအုပ်ကြီး)
 
 
 
 

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

 
Top