အာဗြံနှင့်လောတ
(ဖျက်ဆီးခြင်းခံခဲ့ရသော သောဒုံမြို့)

အာဗြံသည် မယားစာရဲ၊ တူဖြစ်သူ လောတ တို့နှင့်အတူ သူ၏ ပိုင်ဆိုင်သောပစ္စည်းဥစ္စာ၊ ကျွဲနွားတိရစ္ဆာန်၊ ကျွန်တို့ကို ယူပြီး ဥရမြို့က ထွက်ခွာလာခဲ့တယ်။ တောင်အထပ်ထပ်၊ မြစ် အသွယ်သွယ် ကို ကျော်ဖြတ်ပြီး နောက်ဆုံးမှာတော့ ခါနာန်ပြည်သို့ ရောက်လာခဲ့တယ်။ အဲ့ဒီပြည်ဟာ အာဗြံကို ဘုရားသခင် ကတိပေးထားတဲ့ တိုင်းပြည်ပဲဖြစ်တယ်။

သူတို့ဟာ အဲ့ဒီနေရာမှာပဲ နေဖို့ ပြင်ဆင်ကြပြီး ရွက်ဖျင်တဲများကို ဆောက်လုပ်ခဲ့ကြတယ်။ သူတို့၏ ငယ်သားသိုးထိန်းများက သိုးနွားတိရစ္ဆာန်များကို စားကျက်များထဲသို့ မနက်တိုင်း ထိန်းကျောင်း ခဲ့ကြတယ်။ မကြာလိုက်ပါဘူး၊ အချင်းချင်း ခိုက်ရန်ဖြစ်ပြီး ပြဿနာတက်ခဲ့ကြတယ်။ သူတို့ရဲ့ တိရစ္ဆာန်တွေအတွက် စားကျက်မြေမရှိဘဲကိုး။

ဒီလိုနဲ့ အာဗြံနဲ့ သူ့တူလောတတို့နှစ်ယောက်စလုံးဟာ အရပ်ဒေသတစ်ခုထဲမှာ အတူတူနေဖို့ အတွက် အခက်အခဲ ရှိလာတယ်။ အာဗြံဟာ သူ့တူလောတကို သူကြိုက်နှစ်သက်တဲ့ ဒေသ ကို ရွေးချယ်ခွင့် ပေးလိုက်တယ်။ လောတဟာ မြေနေရာအကောင်းဆုံးဖြစ်တဲ့ သောဒုံမြို့နားက လွင်ပြင်ကို ရွေးချယ်ပြီး တစ်ခါတည်း သူ့တိရိစ္ဆာန်၊ ကျွန်များနှင့် ပစ္စည်းဥစ္စာများကို ယူဆောင်ကာ ပြောင်းရွှေ့သွားတယ်။ အာဗြံကတော့ ခါနာန်ပြည်မှာ နေရစ်ခဲ့တယ်။

တစ်ခုသောနေ့တစ်နေ့မှာတော့ လူသုံးဦးတို့သည် အာဗြံဆီကို ရောက်လာကြပြီး သောဒုံမြို့ကလူများသည် အလွန်ဆိုးညစ်ကြတဲ့အတွက် ဘုရားသခင်သည် ထိုမြို့ကို ဖျက်ဆီးတော့မည်ဟု လာရောက်ပြောပြခဲ့ကြတယ်။ သူတို့သည် ဘုရားသခင်၏ ကောင်းကင်တမန်များ ဖြစ်ကြတယ်။ လိင်တူပေါင်းသင်းဆက်ဆံခြင်းဟာ သောဒုံမြို့ရဲ့ အကြီးမားဆုံးအပြစ်ပါပဲ၊ ဘုရားသခင်က တစ်လင်တစ်မယားစနစ်ကိုပဲ လိုချင်တယ်။ သောဒုံမြို့သားများကတော့ ဘုရားသခင်ကိုပင် ဂရုမစိုက်ခဲ့ကြပါဘူး။

အာဗြံခမျာ သောဒုံမြို့ကို မဖျက်ဆီးဖို့ ဘုရားသခင်ကို တောင်းပန်ခဲ့ရှာတယ်။ အဲဒီအတွက်ကြောင့် ဘုရားသခင်က ဖြောင့်မတ်သူဆယ်ယောက်တွေ့နိုင်တယ်ဆိုပါက အဲ့ဒီမြို့ကို မဖျက်ဆီးတော့ပါဟု အာဗြံနဲ့ သဘောတူခဲ့တယ်။ ဒါပေမယ့် ဘုရားသခင်ကို ချစ်တဲ့ လူဆယ်ယောက်တောင်မျှ ထိုမြို့မှာ မရှိခဲ့ပါဘူး။

သောဒုံမြို့သို့ ကောင်းကင်တမန်နှစ်ပါး ရောက်ခဲ့ကြတဲ့အချိန်တွင် လောတဟာ မြို့တံခါးဝမှာ ထိုင်နေခဲ့တယ်။ ခရီးဦးကြိုပြုပြီး အိမ်ကို ခေါ်သွားခဲ့တယ်။ ကောင်းကင်တမန်တွေကလည်း အဲ့ဒီမြို့ကို ဘုရားသခင် ဖျက်ဆီးတော့မည့်အကြောင်း လောတကို သတိပေးခဲ့ကြတယ်။ နောက်တစ်နေ့ ရောက်လာတဲ့အခါမှာတော့ သူတို့က “သင်သည် ထ၍ ဤအရပ်၌ ရှိသော မယားနှင့် သမီးနှစ်ယောက်ကို ခေါ်၍ မြို့ပြင်သို့ အလျင်အမြန် ထွက်ကြလော့။” ဟု သတိပေးရင်း ကောင်းကင်တမန်တို့က သူတို့ကို လက်နဲ့ဆွဲပြီး မြို့ပြင်ကို ခေါ်ထုတ်ခဲ့ကြတယ်။

အဲဒီနောက် ဘုရားသခင်သည် ကောင်းကင်က ကန့်နဲ့မီးမိုးကို ရွာစေပြီး၊ အဲ့ဒီမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။ လောတ၏ မယားမှာမူ နောက်ပြန်လှည့်မိလိုက်တဲ့အတွက် ဆားတိုင်ကြီးဖြစ်သွားခဲ့ရရှာတယ်။

ဝမ်းနည်းစရာ ပုံပြင်တစ်ပုဒ်ပါလား။ လောတက အတ္တကြီးစွာနဲ့ ကောင်းပေ့ဆိုတဲ့ လွင်ပြင်ကြီးကို ရွေးချယ်ခဲ့ပေမယ့်၊ နောက်ဆုံးမှာတော့ ရှိသမျှဆုံး၊ မယားပါ ဆုံးခဲ့ရတဲ့ဘဝနဲ့ နိဂုံးချုပ်ခဲ့ရှာတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို မကောင်းမှုတွေကို ရှောင်ရှားစေချင်တယ်။ တစ်လင်တစ်မယားစနစ်ကိုပဲ ကျင့်သုံးစေချင်တယ်။ နာမခံသောသူကို ဘုရားသခင်က တရားစီရင်ပါလိမ့်မယ်။ အာဗြံကဲ့သို့ နာခံမှုရှိသောသူကိုတော့ ကောင်းကြီးမင်္ဂလာတွေကို သွန်းလောင်းပေးပါလိမ့်မယ်။
ကမ္ဘာဦးကျမ်း ၁၂၊ ၁၃၊ ၁၈၊ ၁၉

“အာဗြံသည် အမွေခံရလတ္တံ့သောပြည်သို့ ထွက်သွားမည့်အကြောင်း ဘုရားသခင် ခေါ်တော်မူသောအခါ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။” - ဟေဗြဲ ၁၁း၈

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

 
Top