အသက်သရဖူ (ဆရာ ဦးကပ်ခန့်ခုပ်)


နိဒါန်း
ယနေ့ခေတ်ကာလမှာ ယုံကြည်သူ၊ မယုံကြည်သူများ၏ နေ့စဉ်အသက်တာထဲမှာ အခက်အခဲပြဿနာများစွာ ကြုံတွေ့တတ်ကြပါတယ်။ ယုံကြည်သူများအနေနဲ့ ထိုသို့ တွေ့ကြုံကြတဲ့ ခက်ခဲမှု အားလုံးတို့ကို အပေါ်စီးကနေ မြင်တွေ့သလို မြင်တတ်ပြီး၊ ကျော်လွှားနိုင်ရန် ဒီကနေ့ ဝေငှလိုပါတယ်။ ဦးစွာ ဆင်ခြင် ခွန်အားယူကြရမယ့် ကျမ်းပိုဒ်ကို ဖတ်လိုပါတယ်။
“စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ကတိထားတော်မူသော “အသက်သရဖူ” ကို ရလိမ့်မည်။” (ယာ၊ ၁:၁၂)
ယနေ့ ဝေငှမယ့် နှုတ်ကပတ်တော်ကို ယုံကြည်သူများက မိမိ၏ အသက်တာအတွက် ပိုင်းခြားခံယူနိုင်ဖို့ရန် အချက် (၃)ချက်နဲ့ ဝေငှသွားလိုပါတယ်။

လောကဓံ တရား
ပထမဦးစွာ “လောကဓံတရား” ဆိုတာ ဘယ်သူမဆို ကြုံတွေ့ရတတ်တဲ့ အခက်အခဲ၊ ပြဿနာ များ ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆိုရရင် မြေငလျင်လှုပ်ခြင်းဟာ မည်သူမျှ တားလို့ မရပါ။ ဒီအခြေအနေဟာ လိုချင်လို့ ဖြစ်လာတာလည်းမဟုတ်။ မလိုချင်လို့ မဖြစ်ဘဲနေမှာလည်း မဟုတ်ပါ။ လွန်ခဲ့သော နှစ်အနည်းငယ်က အမိနိုင်ငံထဲမှာ လေပြင်းမုန်တိုင်းတိုက်ခတ်လို့ များစွာ ပျက်စီးပြီး၊ လူပေါင်း နှစ်သိန်းကျော် သေကျေပျက်စီးခြင်းမှာ မတွေ့ချင်၊ မကြုံချင်ဘဲ ဖြစ်လာသော အနိဌာရုံ အဖြစ်အပျက် ဖြစ်ပါသည်။ ထိုနည်းတူ အခြားသောလောကဓံတရားများသည် ကျွန်ုပ်တို့ တစ်ဦးစီ၏ အသက်တာ၌ လာရောက် ရိုက်ခတ်နေသော အခက်အခဲ၊ ပြဿနာများ ဖြစ်ကြပါသည်။ ဤသို့သော လောကဓံတရား ဖြစ်လာခြင်းနှင့် ရိုက်ခတ်မှုတို့မှာ ဘုရားသခင် မသိရှိဘဲ ဖြစ်ပျက်နေသည် မဟုတ်ပါ။ ထိုဖြစ်ပျက်မှုအားလုံးကို ဘုရားသခင် သိရှိရုံမျှမက၊ ဘုရားသခင်၏ အခွင့်တော်အတွင်း၌ သာ ဖြစ်နေခြင်းဖြစ်ပါသည်။ ထိုသို့ ဘုရား ခွင့်ပြုသည့်အပေါ်၌ လောကဓံတရားသည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ အားလုံး ကြုံတွေ့ကြရပါသည်။ ထိုသို့ကြုံတွေ့ရသည့်အထဲ ယုံကြည်သူဖြစ်ပါက ဘုရားသခင် ပြင်ဆင်ပေးသော နည်းလမ်းအားဖြင့် ကျော်ဖြတ်သွားနိုင်ရန် အာဗြံ၏ အသက်တာကို နှလုံး သွင်းနိုင်ပါသည်။
“ထို့နောက် ခါနန်ပြည်၌ အစာခေါင်းပါးခြင်းဖြစ်၏။ အလွန်အစာခေါင်းပါးသောကြောင့် အာဗြံသည် အဲဂုတ္တုပြည်၌ တည်းခိုခြင်းငှာ သွားလေ၏။” (ကမ္ဘာ၊ ၁၂:၁၀)
ထိုအမှုသည် အာဗြံအသက်တာ၌ ကြုံတွေ့ရသော လောကဓံတရား၊ စုံစမ်းခက်ခဲမှုကြုံတွေ့ရခြင်း ဖြစ်သည်။ ဘုရားသခင်စေလွှတ်သော ခါနန်ပြည်ရောက်နေပါလျက်၊ အလွန် အစာခေါင်းပါးခြင်းကြောင့် အဲဂုတ္တုပြည် သို့ သွားချင်သည်အထိ ဖြစ်လာရသည်။ ထိုသို့ သွားချင်သည့်အတိုင်း ထွက်လာသည့်အခါ အာဗြံအတွက် စိတ်ပူစရာ အခြေအနေကရှိလာပြန်ပါသည်။ အကြောင်းမှာ အာဗြံမယားသည် အလွန်အဆင်းလှ သဖြင့် ဖာရောဘုရင် မူးမတ်တို့ကမြင်ပြီး ဘုရင့်ရှေ့တော်၌ ချီးမွမ်း၍ နန်းတော်သို့ သွင်းကြပါသည်။ အစာခေါင်းပါးသော ဘေးကြောင့် စိတ်ဒုက္ခဖြစ်နေသော အာဗြံသည် ယခု မိမိ ဇနီးသည် နန်းတော်ထဲ အသိမ်းခံရသဖြင့်၊ သာ၍ ခက်ခဲမှုကို ကြုံတွေ့ရပါသည်။ အာဗြံက ဘာလုပ်နေမည် ထင်ပါသနည်း? ဘုရားသခင်ထံသို့ လှည့်၍ ဆုတောင်းမည်ဟု ကျွန်ုပ်ယူဆမိပါသည်။ သမ္မာကျမ်းစာ၌ ဆုတောင်းသည်ဟု မဖော်ပြထားသော်လည်း ထိုသို့ ဆုတောင်းသည့် ဖြစ်ရပ်ကို တွေ့ရပါသည်။ ဘုရားသခင်သည် အာဗြံ၏ မယားစာရဲအတွက်ကြောင့် ဖာရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးစွာသော ဘေးဒဏ်ဖြင့် ဆုံးမတော်မူပါသည်။ ဘုရားသခင်အား အာဗြံကိုးစားဆုတောင်းခြင်းကို ဘုရားသခင် လျစ်လျူမရှုနိုင်ပါ။ အာဗြံဘက်မှနေ၍ တရားစီရင်ပါသည်။ ဘုရားသခင်သည် အာဗြံကဲ့သို့ အမှုရောက်သောသူများက ထာဝရ ဘုရားဘက်သို့ လှည့်၍ ဆုတောင်းပဌနာပြုပါက၊ သူတို့၏ ဆုတောင်းသံကို မည်သည့်အခါမျှ ကျောခိုင်း၍ မနေပါ။ ထိုအခါ ဖာရောဘုရင်သည် အာဗြံအား ယခု သင်၏မယားကို ပြန်၍ယူ စွားလော့ဟုဆိုပါသည်။ ဖာရောဘုရင်သည် အာဗြံအား စာရဲကို ပြန်ပေးသည်သာမက သိုး၊ နွား၊ မြည်း၊ ကုလားအုပ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုလည်း ပေးပါသည်။ စားစရာမရှိ၍ အဲဂုတ္တုပြည်သို့ ပြေးလာသော အာဗြံ၊ မိန်းမအသိမ်းခံရသော အာဗြံသည် ဘုရားသခင်ဘက်လှည့်၍ ကိုယ်တော်ကို ကိုးစားသဖြင့် သိုး၊ နွား၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့နှင့် ကြွယ်ဝသော အာဗြံဖြစ်လာပါသည်။ သို့ဖြစ်၍ လောကဓံတရားဟူသည် ယုံကြည်သူတိုင်း ကြုံတွေ့ရနိုင်သောအမှုဖြစ်သည်။ ထိုသို့ လောကဓံတရား ကြုံလာရခြင်းသည် ဘုရားသခင်ဘက် လှည့်လာဖို့နှင့် အားကိုးခိုလှုံနေဖို့ ဖြစ်သည်။ ထိုသို့ ပြုပါက ဘုရားသခင်သည် သင်၏ အခြေအနေကို ပြောင်းပြန် လှန်ပစ်ပြီး အာဗြံကဲ့သို့ စားစရာမရှိသောအခြေအနေမှ ကြွယ်ဝသော အခြေအနေသို့ ပို့ဆောင်ပေးနိုင်ပါသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့ အသက်တာ၌ မည်သို့သော အခက်အခဲ ပြဿနာ ကြုံရသည်ဖြစ်စေ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ ဘုရားသခင်ဘက်ကို လှည့်လာပါ။ ဘုရားသခင်ကို မျှော်ကြည့်၍ အမှီပြုကိုးစားပါ။ ထိုပြဿနာများမှ အံ့သြဖွယ်သော ဘုရားသခင်၏ မစခြင်းကို ခံစားကြရမည် ဖြစ်ပါသည်။
စုံစမ်းသွေးဆောင်ခြင်း
ဒုတိယအနေဖြင့်၊ ဆက်လက်၍ စုံစမ်းသွေးဆောင်ခြင်းဆိုသည့်အချက်ကို ဆင်ခြင်လိုပါသည်။ ယုံကြည်သူတစ်ဦးစီ၏ အသက်တာ၌ ဘုရားသခင်၏ အလိုတော်လမ်းထဲ လျှောက်လှမ်းနေပါလျက်နဲ့ ထို အလိုတော်လမ်းထဲမှ လွဲသွားဖို့ရန်၊ သွေဖီသွားဖို့ရန် တမင်သက်သက်လာ၍ သွေးဆောင်ခြင်း မျိုး ဖြစ်ပါသည်။ ယနေ့ ယုံကြည်သူမှန်လျှင် ကျွန်ုပ်တို့၏အိမ်ထဲ၌၊ လုပ်ငန်းခွင်ထဲ၌၊ ခရီးသွားရာ၌ ကျွန်ုပ်တို့ကို လမ်းလွဲသွားစေမည့် သွေးဆောင်သည့်အရာများ ရှိတတ်ပါသည်။ ငွေအားဖြင့် ဖြစ်စေ၊ လူအားဖြင့် ဖြစ်စေ၊ လောကအရာများအားဖြင့်ဖြစ်စေ၊ သွေးဆောင်ခြင်း ရှိနိုင်ပါသည်။ သူငယ်ချင်းက လာ၍ ဒီအရာက ဘီယာလေးပါ။ အရက်မဟုတ်ပါဘူးဟု လာရောက်သွေးဆောင်ခြင်းလည်း ဖြစ်နိုင် ပါသည်။ ကျွန်ုပ်တို့သည် အလိုတော်လမ်းထဲ၌ လျှောက်လှမ်းနေသည့်အချိန်တွင် ထိုသို့သော သွေးဆောင်ခြင်း ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် အလိုတော်လမ်းထဲ၌ လျှောက်လှမ်းနေသည့် အချိန်တွင် ထိုသို့သော သွေးဆောင်ခြင်းအမျိုးမျိုးကို ကြုံတွေ့ရနိုင်ပါသည်။ ထိုသို့သော အဖြစ်အပျက်မျိုးကို (ကမ္ဘာ၊ ၃၉) တွင် ဖတ်ရှုတွေ့ရှိနိုင်ပါသည်။ ထိုသူသည် ဘုရားသခင်ကို အလွန် ချစ်ကြောက်ရိုသေသော လူငယ်လေး ယောသပ်ဖြစ်ပါသည်။ ယောသပ်သည် ဖာရောဘုရင်၏ အမတ်ဖြစ်သော ပေါတိဖာ ၏ နေအိမ်တွင် ကျွန်အဖြစ် ရှိနေသော်လည်း၊ ဘုရားသခင်၏ အလိုတော်နှင့် အညီ အသက်ရှင်သဖြင့် ဘုရားသခင်သည် သူ့ကို ချီးမြှောက်တော်မူပါသည်။ သူ၏သခင်သည် အိမ်၌ရှိသော ကျွန်ယောက်ျား၊ ကျွန်မိန်းမနှင့် ဥစ္စာရှိသမျှကို ယောသပ်လက်၌ အပ်ပြီး၊ အိမ်အုပ်အရာခန့်ထားပါသည်။ ယောသပ်သည် ကျွန်တစ်ယောက်လို ဖြစ်သော်လည်း ထိုအိမ်၌ စီမံပိုင်ခွင့်၊ အုပ်ချုပ်ပိုင်ခွင့်ရသည့်တိုင်အောင် ဘုရားရှင်က ချီးမြှောက်ပါသည်။ ထိုသို့ အပ်နှင်းထားချိန်တွင် ယောသပ်အတွက် စုံစမ်းသွေးဆောင်ခြင်းက ရောက်လာ ပါသည်။ ထိုသွေးဆောင်ခြင်းက သူ၏ သခင်မထံမှ လာခြင်းဖြစ်ပါသည်။
“ထိုနောက်မှ သခင်၏ မယားသည် ယောသပ်ကို တပ်မက်သောစိတ်ရှိ၍ ငါနှင့်အတူ အိပ်ပါဟု ဆို၏။” (ကမ္ဘာ၊ ၃၉:၇)
ယောသပ်၌ ကြုံရသော စုံစမ်းသွေးဆောင်ခြင်းသည် သူ၏သခင်မထံမှဖြစ်၍ အလွန်ပြင်းထန်ပါသည်။
“ထိုသို့ သခင်မသည် နေ့တိုင်းသွေးဆောင်သော်လည်း ယောသပ်သည် သူ၏ စကားကို နားမထောင်၊ သူနှင့် အတူအိပ်ခြင်း၊ နေခြင်းအမှုကို ရှောင်လေ၏။” (ကမ္ဘာ၊ ၃၉:၁၀)
ယောသပ်၌ဖြစ်လာသည့် ဤသွေးဆောင်ခြင်းသည် တစ်ခါ၊ နှစ်ခါ မဟုတ်။ နေ့တိုင်းဟု ကျမ်းစာက ဆိုပါသည်။ သို့သော်၊ ယောသပ်သည် ထိုသွေးဆောင်မှု၌ ပြိုလဲသွားခြင်း မရှိပါ။ နေ့စဉ် ရှောင်ရှား၍ အလိုတော်၌ ရပ်တည်သည်ကို တွေ့ရသည်။ ယောသပ်သည် ဤစုံစမ်းသွေးဆောင်ခြင်းအမှု၌ သူ၏ ရပ်တည်ချက်မှာ မည်မျှ နှစ်သက်ဖွယ်ဖြစ်ပါသနည်း။ ထိုသို့နေ့စဉ်နေလာရင်းနှင့် တစ်နေ့သောအခါ သခင်မသည် အိမ်၌ ယောက်ျားမရှိချိန် ယောသပ်ကို ကိုင်စွဲ၍ မိမိနှင့် အတူအိပ်ပါဟု အတင်းဆိုပါသည်။ ထိုအခါ ယောသပ်သည် မိမိအဝတ်ကို စွန့်ပစ်၍ အပြင်သို့ ထွက်ပြေးသွားသည်။ မိမိ ဝတ်လုံကို စွန့်ပစ်သည့်တိုင်အောင် သွေးဆောင်မှုမှ ထွက်ပြေးသော ယောသပ်၏ တုန့်ပြန်မှုက ဘုရားသခင် ရှေ့တော်၌ အမှတ်ပြုစရာ ဖြစ်ပါသည်။ ယောသပ်သည် ဘုရားသခင်၏ အလိုတော်လမ်းမှ ချော်သွားမည့် ဤ စုံစမ်းသွေးဆောင်မှုကို ကျော်လွှားနိုင်ဖို့ရန်၊ မိမိကိုယ်တိုင် ရုန်းကန်ခဲ့ရသည်။ ပြီးမှ လွတ်ကျွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။ ယောသပ်၏ အသက်တာသည် စုံစမ်း သွေးဆောင်ခြင်းကို အောင်မြင်ကျော်လွှားသည့် အသက်တာ ဖြစ်ခဲ့ပါသည်။ သူ၏သခင်မက စကားလှည့်၍ ထောင်ကျသွားသော်လည်း ယောသပ်နှင့်အတူ ဘုရားသခင် ပါရှိပါသည်။ နောက်ဆုံး၌ ဘုရင့်နန်းတော်သို့တိုင်အောင် ရောက်ရှိ၍ ဘုရင်ကိုယ်တိုင်က “ငါသည် ရာဇပလ္လင်အားဖြင့်သာ သင့်ထက် ကြီးမြတ်မည်။ သင်၏စကားတိုင်းသာ ငါ၏ ပြည်သားအပေါင်းတို့ကို ငါစီရင်မည်” ဟု မိန့်တော်မူပြီးလျှင် လက်စွပ်တော်ကို ချွတ်၍ ယောသပ်အား စွပ်စေတော်မူ၏။ (ကမ္ဘာ၊ ၄၁:၄၀-၄၂) ဘုရင်သည ဘုရင့် အရိုက်အရာ၌သာ ရှိနေပြီး၊ လုပ်ပိုင်ခွင့်အားလုံးကို ယောသပ်လက်ထဲသို့ အပ်နှင်းလိုက်ပါသည်။ ယနေ့ ယုံကြည်သူများ၊ စီးပွားရေးသမားများ၊ ဟိုသွား ဒီသွား ရောက်သည့်အခါ ယခုလို ဘုရားသခင်၏ အလိုတော်လမ်းမှ သွေဖယ်ဖို့ရန် စုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုး ကြုံရနိုင်ပါသည်။ အမှုတော်ဆောင်များ သည်လည်း ထိုသို့ သွေးဆောင်ခြင်းခံရနိုင်ပါသည်။ ထိုသို့ ခံရသည့်အခါ ယောသပ်ကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့် ကျော်သွားပါက ချီးမြှောက်ခြင်းကို ခံရမည် ဖြစ်ပါသည်။
စုံစမ်းစစ်ဆေးခြင်း
တတိယအနေဖြင့် ယုံကြည်သူတို့၏ အသက်တာ၌ “စုံစမ်းစစ်ဆေးခြင်း” ကိုလည်း ကြုံတွေ့တတ်ပါသည်။ ထိုသို့ ကြုံတွေ့စေခြင်းမှာ ကျွန်ုပ်တို့စိတ်ပျက်ဖို့ရန် မဟုတ်ပါ။ စာသင်ကျောင်း၌ ကျောင်းသားများကို စာမေးပွဲ စစ်မေးခြင်းမှာ ကျောင်းသားများ စိတ်ပျက်စေဖို့ မဟုတ်ပါ။ သူတို့ အရည်အချင်းများ ပေါ်လွင်လာ ဖို့ ဖြစ်ပါသည်။ ဒုတိယက အရည်အချင်းပေါ် မူတည်ပြီး အတန်းတင်ပေးလို၍ ဖြစ်ပါသည်။ ယုံကြည်သူတို့ အသက်တာ၌ စုံစမ်းစစ်ဆေးခြင်းကို ဘုရားသခင် ခွင့်ပြုခြင်းမှာ ယုံကြည်သူတို့၏ ယုံကြည်ခြင်းကို တိုးပွားစေလို၍ ဖြစ်ပါသည်။ ပြီးလျှင် ထိုယုံကြည်သူ၏ အသက်တာကို ချီးမြှင့်လို၍ ဖြစ်ပါသည်။ ဤသို့သော သဘောကို (ကမ္ဘာ၊ ၂၂) တွင် ဖော်ပြထားသော အာဗြံ၏ အသက်တာ၌ ကျွန်ုပ်တို့ တွေ့ကြရပါသည်။ အာဗြံ အသက်တစ်ရာ ရှိမှ ရသောသား ဣဇက်အား ပူဇော်ဖို့ရန် ဘုရားသခင်သည် အာဗြံအား မိန့်တော်မူပါသည်။ အာဗြံ ကြုံတွေ့ရသော စုံစမ်းစစ်ဆေးခြင်းက မည်မျှ ပြင်းထန်ပါသနည်း။ အသက် တစ်ရာပြည့်ပြီးမှ ရသောသား၊ တစ်ဦးတည်းသောသားကို ကိုယ်တိုင်မီးရှို့ရာ ယဇ်ပြန်၍ ပူဇော်ရမည် ဖြစ်ပါသည်။ အာဗြံအတွက် လွယ်ကူသော အမှုမဟုတ်ပါ။ ထိုသို့ ဘုရားသခင် တောင်းသည်ကို အာဗြံသည် မငြင်းပယ်ပါ။ မိမိသားကို ခေါ်၍၊ ထင်းကို ယူပြီးလျှင်၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ သွားပါသည်။ ထိုသို့သွားကြရင်းနှင့် လမ်းရောက်လျှင် သား ဣဇက် က အဘ၊ မီးရှို့ရာယဇ်အတွက် မီးပါ၏၊ ထင်းလည်းပါ၏။ မီးရှို့ရာယဇ်အဘို့ သိုးသူငယ်အဘယ်မှာနည်းဟု မေးလျှင် အာဗြံက ယဇ်ရှို့စရာအဖို့ ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော် မူလိမ့်မည်ဟု ဆိုပါသည်။ ကျွန်ုပ်တို့ ယုံကြည်သူများ၏ အသက်တာ၌ အာဗြံကဲ့သို့ မိမိသားကို မီးရှို့ရာယဇ် ပြု၍ ပူဇော်ဖို့ ဘုရားသခင် မိန့်တော်မူလျှင် အဘယ်သို့ ခံစားကြမည်နည်း။ အဘယ်သို့ ပြုကြမည်နည်း။ အာဗြံနှင့်သားတို့သည် မီးရှို့ရာယဇ် ပြုမည့်တောင်ပေါ်သို့ ရောက် လာပြီးနောက် အာဗြံသည် ယဇ်ပလ္လင်ကို တည်၍၊ ထင်းကို ခင်းပြီးလျှင် သားဣဇက်ကို ချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထားပါသည်။ ဤ နေရာ၌ ဖခင်၏ ယုံကြည်ခြင်းနှင့် ပြုသောအရာ ကို မြင်နိုင်သလို မိမိဖခင် အဘယ်သို့ ပြုနေသည်ကို မသိသော်လည်း ဖခင်ကို ပြန်၍ မေးခွန်းမထုတ်ဘဲ၊ နာခံသည့် ဣဇက်၏ နာခံမှု၊ ဝန်ခံမှုက သားသမီးတို့အတွက် နမူနာ ယူစရာဖြစ်ပါသည်။ ယနေ့များသော သားသမီးတို့က မိမိဖခင်တစ်ခုခုလုပ်နေချိန်၌ ဘာလုပ်နေမှန်း မသိကြလျှင်၊ မေးမြန်းတတ်ကြပါသည်။ အာဗြံသည် နောက်ဆုံး မိမိလက်ကို ဆန့်၍ သားကို သတ်ဖို့ရန် ချိန်ထားပါသည်။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်က “အာဗြံ၊ အာဗြံ” ဟု ကောင်းပင်ပေါ်က ခေါ်လေ၏။ အာဗြံက အကျွန်ုပ်ရှိပါ၏။ဟု လျှောက်လျှင်၊ “လုလင်ကို မထိမခိုက်နှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်” ဟု ငါသိ၏။ (ကမ္ဘာ၊ ၂၂:၁၁-၁၂) ဘုရားသခင်သည် အာဗြံအား ဘုရားသခင်ကို မည်မျှ ကြောက်ရွံ့သည် ကို သိဖို့ စုံစမ်းစစ်ဆေးခြင်းဖြစ်ပါသည်။ အာဗြံသည် ဤသို့သော စုံစမ်းစစ်ဆေးခြင်း၌ အောင်မြင်ခဲ့ပါသည်။ ထိုအခါ ဘုရားသခင်သည် ဣဇက်အစား မီးရှို့ရာယဇ်ပြု၍ ပူဇော်စေပါသည်။ ယနေ့ ကျွန်ုပ်တို့ အသက်တာ၌လည်း ဘုရားသခင်ကို မည်မျှကြောက်ရွံ့သည်ကို သိဖို့ရန် စုံစမ်းစစ်ဆေးခြင်း ရောက်လာတတ်ပါသည်။ အာဗြံသည် ထိုသို့ စုံစမ်းစစ်ဆေးခြင်း ကို အောင်မြင်ကျော်လွှားပြီးနောက် ဘုရားသခင်သည် သူ့အားခေါ်၍ “ငါသည် သင့်အား အစဉ်အမြဲ ကောင်းကြီးပေးမည်။ သင်၏ အမျိုးအနွယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်ဟု ကတိထားတော်မူပါသည်။”
ထို့ကြောင့် ချစ်သော ညီအစ်ကို မောင်နှမတို့ ကျွန်ုပ်တို့သည် လောက၌ အသက်ရှင်စဉ်၊ စုံစမ်းခက်ခဲခြင်း တည်းဟူသော လောကဓံတရား၏ ဖိစီးမှု အမျိုးမျိုးတို့ကိုလည်း ခံရနိုင်ပါသည်။ ယင်းမှာ “ဘုရားသခင်ကို အားကိုးတတ်ဖို့နှင့် သူ့ကောင်းမြတ်ခြင်းကို ခံစားဖို့” ဖြစ်ပါသည်။ နောက်ပြီး၊ ဘုရားသခင်၏ အလိုတော်လမ်းမှ သွေဖယ်ဖို့ရန် စုံစမ်းသွေးဆောင်ခြင်းကိုလည်း ခံရနိုင်ပါသည်။ ယင်းသည် “ဘုရားသခင် ၏ ချီးမြှောက်ခြင်းကို ခံရဖို့ ဖြစ်သည်” ကို ယောသပ်အသက်တာအားဖြင့် ရှင်းလင်းစွာ သိရှိရပါသည်။ နောက်ဆုံး အာဗြံကဲ့သို့ စုံစမ်းစစ်ဆေးခြင်းကိုလည်း ကြုံတတ်ကြမှာ ဖြစ်သည်။ ယင်းသည်မှာ “မျိုးဆက်ကောင်းကြီးမင်္ဂလာ ခံရဖို့ရန်ဖြစ်ကြောင်း” နားလည်ရပါသည်။ ထိုအရာ အားလုံးတို့သည် ကျွန်ုပ်တို့ ယုံကြည်သူများ၏ အကျိုးအတွက် ဘုရားသခင်က ခွင့်ပြုပေးခြင်းသာ ဖြစ်ပါသည်။ ဤလောက၌ ပျောက်ဆုံးဝိညာဉ်များစွာ ဖမ်းယူနိုင်သူများအတွက် “ဝမ်းမြောက်ခြင်းသရဖူ”၊ သခင်ယေရှုအားဖြင့် အသက်စတေးသူ အာဇာနည်များအတွက် “မညှိုးနွမ်းသော ဦးရစ်သရဖူ”၊ သင်းအုပ်များအတွက် “ဘုန်းကြီးသောသရဖူ”၊ အသက်တာ သန့်ရှင်းနိုင်သူများအတွက် “ဝမ်းမြောက်ခြင်းသရဖူ” စသဖြင့်ရှိပါသည်။ ယခု “အသက်သရဖူ” ဟူသည်မှာ ယုံကြည်သူတိုင်းက ဖော်ပြပါ လောကဓံတရား၊ စုံစမ်းသွေးဆောင်ခြင်းနှင့် စုံစမ်း စစ်ဆေးခြင်းတို့ ကို အောင်မြင်ကျော်လွှားသောသူတိုင်းအတွက် အနာဂတ် နောင်တမလွန်ဘဝမှာ ရရှိခံစားနိုင်ကြမည့် ဘုရားသခင် စီမံပြင်ဆင်ပေးသည့် “သရဖူ” တစ်ခုပင် ဖြစ်၍ ဝမ်းမြောက်အားရစရာပင် ဖြစ်ပါကြောင်း ကို မေတ္တာနှင့် အသိပေးဝေငှလိုက်ရပါသည်။
09 Sep 2017

Post a Comment Blogger

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top